Preview

ကျောက်တော် တောင်ရှည်တောင်ဗျူဟာကုန်းကြီးကို ရက္ခိုင့်တပ်တော်သိမ်းပိုက်

ဇန်နဝါရီ ၀၇/ ၂၀၂၄ | ကြည့်ရှုသူ :5916
ရခိုင် သတင်း

(စစ်ကောင်စီတပ်သား တစ်ယောက်မကျန် လက်နက်ချအညံ့ခံ)

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ တင်းမတောင်ရှည်တောင်ဗျူဟာကုန်းကြီးကို ရက္ခိုင့်တပ်တော် (AA)ကအောင်မြင်စွာသိမ်းပိုက်လိုက်ပြီဖြစ်ကာ စစ်သားများ တစ်ယောက်မကျန်လက်နက်ချ အညံ့ခံလိုက်ပြီဟု သိ၇သည်။

ညီနောင်သုံးဖွဲ့က ဇန်နဝါရီ ၆ ရက် သတင်းထုတ်ပြန်ရာတွင်  “၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ (၆) ရက်၊ ညနေ (၉) နာရီခန့်အချိန်တွင် ရက္ခိုင်ပြည်၊ကျောက်တော်မြို့နယ်ရှိ “တောင်ရှည်တောင်ဗျူဟာကုန်းကြီး” တစ်ခုလုံးမှတစ်ယောက်မကျန် မိမိတို့ထံ လက်နက်ချအညံ့ခံခဲ့ပြီးဖြစ်ပါကြောင်း” ဖော်ပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍နောက်ဆက်တွဲ သတင်းများကို ဇန်နဝါရီ ရ ရက်၌ ဆက်လက် တင်ပေးသွားပါမည်ဟု ဖော်ပြသည်။ 

တစ်ဆက်တည်းတွင်ရက္ခိုင်ဒေသအတွင်း ရက္ခိုင့်တပ်တော် (AA) မှ လက်ရှိထိုးစစ်ဆင်နေသော ဗျူဟာကုန်းများမှ ခေါင်းဆောင်များအနေဖြင့်မိမိတို့၏စေတနာကို နားလည်ပြီး စောလျင်စွာ ဆုံးဖြတ်ချက်ချ၍ လက်နက်ချအညံ့ခံရန်ထပ်မံသတိပေးလိုက်ကြောင်း ဖော်ပြထားသည်။ 

၎င်းပြင် စစ်ကောင်စီ၏ပလက်၀မြို့တွင်းရှိ အဓိကနှင့် အမာခံစခန်းကုန်းကြီးများဖြစ်သည့် “စကခ(၉)” ၊ “တပ်မ (၁၁)” ရှေ့တန်းတပ်မဌာနချုပ် (၂) ခု အပါအဝင် ပလက်၀-ကျောက်တော်အစပ်ရှိ “မီး၀ဗျူဟာကုန်း” များမှ ကျန်ရှိနေသေးသည့်စခန်းများအား အပြီးသတ်သိမ်းပိုက်နိုင်ရေး အတွက် ရက္ခိုင့်တပ်တော် (AA) မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊  ယနေ့ ဇန်နဝါရီ ၆ ရက် တစ်နေ့လုံးနီးပါး ရန်သူ၏ စခန်းကုန်း များမှလည်း ပလက်၀မြို့နှင့်အနီးတစ်ဝိုက်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်း ဖော်ပြထားသည်။

ပေါက်တောမြို့တွင်စစ်ကောင်စီသည် ရေကြောင်းဖြင့် စစ်ကူအင်အားများ ထပ်မံဖြည့်တင်းလာသည့်အတွက် ရက္ခိုင့်တပ်တော် (AA) နှင့် နှစ်ဘက်ရင်ဆိုင်ထိတွေ့တိုက်ပွဲများမှာဇန်နဝါရီ ၆ ရက် တစ်နေ့လုံးဆက်လက်ပြင်းထန်လျက်ရှိသည်ဟုဆိုသည်။  

တစ်ဝက်တစ်ပျက်ကျန်ရှိနေသေးသည့် မိမိတို့သတ်မှတ်ထားသောဗျူဟာကုန်းများအားလုံးကို အပြီးသတ်သိမ်းပိုက် ရယူရေးအတွက်ဆက်လက်ကြိုးပမ်းနေရင်း စစ်ဆင်ရေးကြီး (၇၂) ရက်မြောက်ကို အကောင်းဆုံးအနေအထားဖြင့်ဖြတ်သန်းလျက်ရှိကြောင်း ဆက်လက်ဖော်ပြထားသည်။

(၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင် ထုတ်ပြန်သည့် ညီနောင်သုံးဖွဲ့၏  “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၂)ရက်မြောက်နေ့တိုက်ပွဲသတင်းများမှ ကောက်နှုတ်ဖော်ပြသည်။)

#ကျောက်တော်#သိမ်းပိုက်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.