စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ပျောက်ဆုံးနေသည့် တင်းမရွာသား ၁၈ ဦးကိစ္စကို လက်နက်ချအညံ့ခံသည့် စစ်သားများကို ပြန်မလွတ်မီ စစ်ဆေးဖော်ထုတ်ပေးရန် မိသားစုများတောင်းဆို


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၇ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

မြန်မာ စစ်တပ်က ၂၀၂၀ ခုနှစ် မတ်လအတွင်းက ဖမ်းဆီးသွားပြီးနောက် ယနေ့အချိန်ထိ ပျောက်ဆုံးနေသည့် တင်းမရွာသား ၁၈ ဦး ကိစ္စကို တောင်ရှည်တောင်ဗျူဟာမှ လက်နက်ချ အညံ့ခံသည့် စစ်သားများအား ပြန်မလွတ်မီ စစ်ဆေးပေးရန် ရက္ခိုင့်တပ်တော်( AA) တာဝန်ရှိသူများကို မိသားစုများက တောင်းဆိုလိုက်သည်။

 

တင်းမကြီးကျေးရွာမှ ခင်ပွန်းဖြစ်သူ အဖမ်းခံခဲ့ရသည့် အမျိုးသမီးတစ်ဦးက "ကျမတို့ပြည်သူတွေကို နှစ်ရှည်လများ ဒုက္ခပေးခဲ့တဲ့ တင်းမတောင်ရှည်တောင်ကို ကိုယ့်တပ်တော်က သိမ်းပိုက်လိုက်တယ်လို့ သိရလို့ အတိုင်းမသိ ဝမ်းသာတယ်။ ဒါ‌ပေမယ့် ကျွန်မယော်ကျားအပါအဝင် စစ်တပ်က ဖမ်းဆီးခေါ်ဆောင် သွားတဲ့ ရွာသား ၁၈ ဦးကိစ္စကို စစ်သားတွေကို ပြန်မလွတ်မီ စစ်ဆေးဖော်ထုတ်ပေးဖို့ တပ်တော်က ခေါင်းဆောင်တွေကို ကျွန်မတို့ တောင်းဆိုပါတယ်။ သူတို့ သေလား၊ ရှင်လား လူသိရှင်ကြား ထုတ်ဖော်ပေးစေချင်တယ်။ ကျမ ခင်ပွန်းကို ခုချိန်ထိစောင့်နေတုန်းပါပဲ”ဟု  နိရဉ္စရာ သတင်းဌာကို ပြောသည်။

 

၂၀၂၀ခုနှစ် မတ်လအတွင်းက တင်းမကြီးကျေးရွာနှင့် တင်းမချေကျေးရွာမှ ရွာသား ၁၈ ဦးကို စစ်တပ်က နေအိမ်ထဲမှ ကြိုးတုတ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ၎င်းတို့မှာ ယနေ့အချိန်ထိ ပျောက်ဆုံးနေသည်။



 

နောက်ထပ် ကျေးရွာလူကြီး တစ်ဦးက ”ကျောက်တော်မြို့နယ်က တောင်ရှည်တောင်ဗျူဟာကို  ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ပြီဖြစ်လို့  ရွာသား ၁၈ ဦးအမှုရဲ့ အမှန်တရားပေါ်လာတော့မယ်။ ရွာသားတွေက သူတို့ သေလား ရှင်လား သိချင်နေကြတယ်။ တောင်ရှည်တောင်ဗျူဟာမှာ သူတို့ကို အစအနဖျောက်လိုက်ပြီလို့လည်း သတင်းတွေထွက်နေတယ်။ တရားဝင်ဖြေရှင်းပေးဖို့ တင်းမရွာသားတွေက တောင်းဆိုပါတယ်” ဟု ပြောဆိုသည်။

အဆိုပါ ဗျုဟာကုန်းကို ရက္ခိုင့်တပ်တော်မှ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည့် အပေါ် အလွန်တရာပင် ဝမ်းမြောက်မိပြီး နေရပ်ပြန်နိုင်မည့် မျှော်လင့်ချက်များ ပြည့်ဝသွားပြီဟု တင်းမဆရာတော်က နိရဉ္စရာသတင်းဌာနကို မိန့်ကြားသည်။

"အခုလို သိမ်းပိုက်နိုင်တာကြားတော့ ဦးဇင်းအနေနဲ့‌ အတိုင်းမသိ ဝမ်းသာမိတယ်။ စစ်ဘေးရှောင်လာတာ လေးနှစ် ရှိပါပြီ။ ရက္ခိုင့်တပ်တော်က မိုင်းရှင်းလင်းပေးပြီး နေရပ်ကို ပြန်ခွင့်ပြုမယ်ဆိုရင် ဦးဇင်းတို့နဲ့ ရွာသူရွာသားတွေ ပြန်ကြမှာပါ။ ရွာသားတွေရဲ့ မျက်လုံးမှာလည်း မျက်ရည်တွေနဲ့ ဝမ်းသာပြီး တောက်ပနေတာမျိုး တွေ့နေရတယ်" ဟုပြောသည်။




ယင်းအပြင် စစ်ကောင်စီမှ ဖမ်းဆီးပြီးနောက် အစနဖျောက်ခံထားရသည့် တင်းမကြီးရွာသား ၁၀ ဦးနှင့် တင်းမသစ် ရွာသား ၈ တို့၏ စစ်ရာဇဝတ်မှုကျူးလွန်ခံရမှုအပေါ် ရက္ခိုင့်တပ်တော်(AA)မှ ဖြေရှင်း ပေးနိုင်လိမ့်မည်ကို ယုံကြည်ကြောင်း  ဆရာတော်က ဆက်လက်မိန့်ကြားသည်။

၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက်နေ့က  စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ခံရသည့် တင်းမရွာသစ်မှ ၈ ဦးမှာ ဦးမောင်စိတ်ကြီး၊ ဦးကျော်ဝင်း၊ ဦးလှကျော်ကြီး၊ ဦးမောင်သန်းစိုး၊ ဦးစောရွှေသန်း၊ ဦးစံသာမောင်၊ ဦးမောင်မြအေးနှင့် ဦးမောင်ထွန်းစိန်တို့ ဖြစ်ကြသည်။


မတ်လ ၁၆ ရက်နေ့က မြန်မာစစ်တပ် က ဖမ်းဆီးခေါ်ဆောင်သွားသည့် တင်းမကြီးကျေးရွာသား (၁၀)မှာ  ဦးအောင်ညွန့် (၆၅) နှစ်၊ ဦးထွန်းဝင်းမောင် (၆၄) နှစ်၊ ဦးယာဉ်မောင် (၄ဝ) နှစ်၊ ဦးသန်းမောင်ထွန်း (၄ဝ) နှစ်၊ ဦးမောင်ဝင်း (ခေါ်) ဦးမောင်ဝင်းကြီး(၅ဝ) နှစ်၊ ဦးမောင်ဝင်းချေ (၃၇) နှစ်၊ ဦးမောင်ကြည်လင်း (၄ဝ) နှစ်၊ ဦးမောင်စိန်ဝင်း အသက် ၅ဝ ကျော်၊ မောင်ထွန်းထွန်းဝေ (၁၅) နှစ်နှင့် မောင်နေလင်းဦး (၂၈) နှစ်တို့ဖြစ်ကြသည်။

 

၎င်းပြင် ဘုန်းတော်ကြီးကျောင်းစောင့် ကျန်နေခဲ့သူ ရွာသား ၄ ဦးလည်း ပျောက်ဆုံးနေသည်ဟု သိရသော်လည်း အမည်များကိုမူ သိရှိခြင်း မရှိပါ။


၎င်းတင်းမကြီး၊ တင်းမချေရွာတွင် အိမ်ခြေပေါင်း ၇၀၀ ခန့်ရှိပြီး လူဦးရေ ၃၀၀၀ ကျော်ခန့်သည် ၂၀၂၀ ခုနှစ် မတ်လအတွင်း ရွာကို စွန့်ခွာပြီး ယနေ့ထိ စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေကြရသည်။

ဆက်စပ် သတင်းများ