စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

မောင်တောတွင် မိုင်းနင်းမိ၍ သစ်ပင်သွားခုတ်သည့် အမျိုးသား ၁ဦးခြေထောက်တစ်ဖက်ပြတ်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၇ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 918

ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် မိုင်းနင်းမိ၍ သစ်ပင်သွားခုတ်သည့် အမျိုးသား ၁ဦးခြေထောက်တစ်ဖက် ပြတ်သွားသည်ဟု သတင်းရရှိသည်။

၎င်းသူမှာ မောင်တောမြို့နယ် အောက်ပြူးမကျေးရွာမှ ဦးမောင်မောင်သိန်းအသက် (၃၆) နှစ်ဖြစ်သည်။

၎င်းသည် မောင်တောမြို့နယ် မြောက်ပိုင်း ကောက်ရိုးပြင်(မွတ်ဆလင်)ကျေးရွာအနီးတွင် ယမန် နေ့ဇန်နဝါရီ ၇ ရက်  ည နေ ၃နာရီခန့်က သစ်ပင်ခုတ်‌ နေစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။

ဦးမောင်မောင်သိန်း၏သမီးဖြစ်သူက " အဖေနဲ့ဦးလေးက အထက်ပြူးမဖက်မရောက်ခင် မွတ်ဆလင် ရွာနားမှာ သစ်ပင် ခုတ်ဖို့သွားကြတယ်။ ဖေဖေနဲ့ဦး‌ လေးက ငါးဖမ်းပိုက်ချ တော့ သစ်သားလိုလို့ သွားခုတ်တာပါ။ ပထမနေ့က ဘာမှ မဖြစ်ဘူး။ နှစ်ရက်မြောက် ဒီနေ့မှာ ထောင်ထားတဲ့ မိုင်းကို နင်းမိသွားလို့ ဖေဖေညာဖက် ခြေထောက် ဒဏ်ရာ ပြင်းပြီးဖြတ်လိုက်ရပါတယ်။ ဦးလေးကတော့ ဘာမှ မဖြစ်သွားပါဘူး။ အဲ့ဒီ အနီးအနားက တိုက်ပွဲဖြစ်ခဲ့ဖူးတဲ့နေရာပါ" ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

ရခိုင်တွင် ရက်ပိုင်းအတွင်မိုင်းနင်းမိ၍ ခြေထောက်ဖြတ်ရသူ ၄ဦးအထိရှိလာနေပြီး သတိထား ဂရုစိုက်ရန် လိုအပ်သည်ဟု မောင်တောမြို့ခံ တစ်ဦးကနိရဉ္စရာသတင်းဌာကိုပြောသည်။

" ဒီရက်ပိုင်းမှာ ခဏခဏမိုင်းနင်းမိတာကြားရတယ်။ ကြားရတဲ့သတင်းတွေကလည်း စိတ်မကောင်း စရာပါ။ အတတ်နိုင်ဆုံး  လူတွေမသွားတဲ့နေရာတွေ စပ်တပ်နဲ့နီးတဲ့နေရာတွေကို မသွားဖို့ မှာချင်ပါတယ်" ဟုပြောသည်။

မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့် လေ့လာရေးအဖွဲ့ ( Landmine & Cluster Munition Monitor) ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်၂၀၂၂ ခုနှစ်က မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းကြောင့် သေဆုံးသူ ၃၈၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၂၄ ဦးရှိ‌ ကြောင်းသိရသည်။(NN-11) 

ဆက်စပ် သတင်းများ