စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ပလက်၀မြို့ ဗျူဟာကုန်းကြီးနှင့် တပ်မစခန်းများမကျရေးအတွက် စစ်ကောင်စီအပြင်းအထန် ခုခံကာကွယ်နေ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၈ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.7k

(ရမ်းဗြဲတွင်လည်း ထိတွေ့တိုက်ပွဲတချို့ ဆက်လက်တိုက်ပွဲဖြစ်ပွား)

စစ်ကောင်စီ၏ တစ်စခန်းများကို တစ်ခုပြီး တစ်ခု သိမ်းပိုက်နေသော ရက္ခိုင့်တပ်တော်(AA)သည်  လက်ရှိတွင် ပလက်ဝမြို့ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းကြီးနှင့် တပ်မများအား အပြီးသတ် သိမ်းပိုက်နိုင်ရေး အတွက် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီက ၎င်းစစ်စခန်းများ မကျရေးအတွက် အသည်းအသန်ခုခံကာကွယ်နေကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ ၇ ရက် ရက္ခိုင့် တပ်တော်၏  ထိုးစစ်ကို စစ်ကောင်စီသည် လေကြောင်းပစ်ကူနှင့် ဗျူဟာ ကုန်းများမှ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန်ခုခံကာကွယ်နေရသည်ဟု ညီနောင်သုံးဖွဲ့၏ ယမန်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းပြင်စစ်ကောင်စီသည် ပလက်၀မြို့နှင့် ကျောက်တော်မြို့အကြားရှိ ကုလားတန်မြစ်ဘေးတွင် တည်ရှိသည့် မီးဝဗျူဟာကုန်း အခြေစိုက်ရာ မီးဝကျေးရွာအနီးတွင်လည်း  လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိရဉ္စရာသတင်းဌာနမှ အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်ပြီး ပလက်၀ ဒေသခံတစ်ဦးကို ဇန်နဝါရီ ၇ ရက် ညနေပိုင်းက ဆက်သွယ်ရာ တိုက်ပွဲမှာ အထူးပြင်းထန်နေသည်ဟု ပြောကြားသည်။

“ လက်ရှိက တိုက်ပွဲကပြင်းထန်နေပါတယ်။ မြို့မှာကလူတွေက မရှိတော့ဘူး။ အကုန်ဘေးလွတ်ရာကို ထွက်ပြေးခိုလှုံနေကြပါတယ်။ လောလောဆယ်တော့ ရက္ခိုင့်တပ်တော်က ပလက်၀မြို့မရဲစခန်းကို သိမ်းလိုက်ပြီလို့လည်း သတင်းရပါတယ်။ အတိအကျတော့ မပြောတတ်ဘူး။ ရဲသားတွေက ၂၈၉  ကို သွားပေါင်းတယ်လို့ ကြားပါတယ်” ဟု ပြောဆိုသည်။

အလားတူ ရမ်းဗြဲမြို့ပေါ်တွင်လည်း စစ်ကောင်စီမှ ယမန်နေ့က လက်နက်ခဲယမ်းနှင့် ရိက္ခာ လာရောက် ဖြည့်တင်းခဲ့ပြီး နောက် ညနေ (၆) နာရီဝန်းကျင်၌ ရက္ခိုင့်တပ်တော် (AA) နှင့် ထိတွေ့ တိုက်ပွဲအချို့ဖြစ်ပွားခဲ့သည်ဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

နှစ်ဆန်းအစောပိုင်းမှစ၍ စစ်ဘောင်ကျယ်လာသည်နှင့်အမျှ စစ်မျက်နှာစာအသီးသီး၌ ပြန်လည်  ထိုးစစ်ဆင်နိုင်စွမ်း တစ်စစ အားနည်းလာသည့် စစ်ကောင်စီအဖို့ မြေပြင် ထောက်ပို့များကိုလည်း ဖြည့်တင်းနိုင်ခြင်းမရှိတော့သည့်အပြင် လက်ရှိအချိန်တွင် လက်နက်အင်အားနှင့် စစ်သည်အင်အားပါ ပိုမိုပြုန်းတီးလာလျက်ရှိကြောင်း၊ စစ်ကောင်စီ၏ ရှုံးမဲမဲကာ တစ်ဘက်သတ်ဆန်သော လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်တိုက်ခိုက်သည့် စစ်ရာဇဝတ်မှု ကျူးလွန်မှုများကြောင့် နိုင်ငံတစ်ဝှမ်းရှိ အပြစ်မဲ့ အရပ်သား ပြည်သူများ ထိခိုက်သေဆုံးရသည့် အရေအတွက်မှာ ပိုမိုများပြားလာနေကြောင်း ဖော်ပြထားသည်။ 

ထို့အပြင် ရက္ခိုင်ဒေသတွင်း၌ စစ်ကောင်စီ၏ အများပြည်သူသွားလာရာနေရာများတွင်လည်း ရည်ရွယ်ချက်ရှိရှိ မိုင်းထောင်ခြင်း များကြောင့် ယခုရက်ပိုင်းတွင်း စစ်လက်နက် ပစ္စည်းပေါက်ကွဲမှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရမှု ဖြစ်စဉ်များမှာ တစ်ရက်ထက်တစ်ရက် ပိုမိုမြင့်တက်လျက်ရှိနေသည်ဟုလည်း ပြောဆိုထားသည်။ ( NN-30)

ဆက်စပ် သတင်းများ