စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြောက်ဦးမြို့နယ်က ကျေးရွာအချို့ကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ညအချိန်လာရောက်ပစ်ခတ်


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၀၈ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1k

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် အိုးထိမ်းကျေးရွာနှင့် အနီးအနား ကျေးရွာများကို ယနေ့ ဇန်နဝါရီ ၈ ရက် အစောကြီး ည ၁၂ နာရီကျော် အချိန်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

ထိုသို့ဂျက်ဖိုက်တာဖြင့် လာရောက်ပစ်ခတ်မှုကြောင့် မြောက်ဦးမြို့နယ် အိုးထိမ်းကျေးရွာရှိ ဒေသခံ ဦးကျော်ဟိန်း၏နေအိမ်တွင် ကျရောက်ပေါက်ကွဲပါ နေအိမ်ပြိုပျက်စီးသွားကြောင်း ဒေသခံများကပြောသည်။

"လူတွေကတော့ လေယာဉ်လာသံကြားကတည်းက အောက်ကိုဆင်းပြေးနေကြလို့ လွတ်သွားပါတယ်။ အိမ်ကတော့ ပျက်စီးသွားပါတယ်" ဟု အိုးထိမ်းကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

ထို့အပြင် အဆိုပါဂျက်ဖိုက်တာ၏ ပစ်ခတ်မှုသည် အိုးထိမ်းကျေးရွာရှိ ဆရာတော်ဦးဥတ္တမ ရုပ်တုအနီးတွင်လည်း ကျရောက်ခဲ့ပြီး အိုးထိမ်းရွာဆင်းလမ်းအနီးတွင်လည်း လက်နက်ကြီး ကျည်မပေါက်ကွဲဘဲ တစ်လုံး ရှိနေကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီဂျက်ဖိုက်တာသည် ယနေ့ည ၁၂ နာရီအချိန်ခန့်ကပင် မြောက်ဦးမြို့နယ်၊ တိန်ညိုကျေးရွာ အနီးအနားတဝိုက် ကျေးရွာများအပေါ်မှ ဝဲပျံကာ လူနေကျေးရွာများသို့ လက်နက်များ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေသခံများအိပ်စက်အနားယူနေသည့် ညအချိန်တွင် ဂျက်ဖိုက်တာဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ဒေသခံများအနေဖြင့် စိုးရိမ်ကြောက်လန့်ခဲ့ကြသည်ဟု ဆိုကြသည်။ (NN-8)

ဓာတ်ပုံ- ပေးပို့

ဆက်စပ် သတင်းများ