စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

တင်းမရွာနှင့် တောင်ရှည်တောင်ဗျူဟာအနီးတဝိုက် စစ်ကောင်စီတပ်က ထောင်ထားခဲ့သည့် ရာနှင့်ချီရှိသော မြေမြုပ်မိုင်းကို တပ်တော်က ရှင်းလင်းနေ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၈ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1k

ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်လိုက်ပြီဖြစ်သော ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင် ဗျူဟာကုန်းနှင့် တင်းမကျေးရွာ အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်က ထောင်ထားခဲ့သည့် ရာနှင့်ချီရှိသော မြေမြုပ်မိုင်းများကို ရက္ခိုင့်တပ်တော် မိုင်းကျွမ်းကျင်သူများက ရှာဖွေ ရှင်းလင်းနေရသည်ဟု သတင်းရရှိသည်။

ရက္ခိုင့်တပ်တော်နှင့် နီးစပ်သူ တစ်ဦးက “ တောင်ရှည်တောင်ဗျူဟာကုန်းမှာ မိုင်းတွေ ထောင်ထားတာအများကြီးလို့ သိရပါတယ်။ ပြီးရင် ရွာက ရေကန်ဘောင်တွေ၊ ချောင်းနားက သစ်ပင်အောက်တွေမှာလည်း ထောင်ထားခဲ့တယ်။ တောင်ပတ်ပတ်လည်မှာ ထောင်ထားခဲ့တာလို့ သိရပါတယ်။ အခုတပ်တော်က မိုင်းတွေရှင်းလင်းနေရပါတယ်” ဟု ပြောဆိုသည်။

တင်းမတောင်ရှည်တောင်ဗျူဟာကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ပြီဖြစ်သော်လည်း အဆိုပါ တင်းမကျေးရွာအနီးနှင့် တောင်ရှည်တောင် ဘက်ကို သွားလာမှုများ လုံး၀ မပြုလုပ်ကြရန် လိုအပ်နေသည်ဟု ၎င်းကဆိုသည်။

“ တင်းမရွာသားတွေက ပြန်လို့ရရင် ပြန်ချင်နေကြပြီ။ တချို့က ဆိုရင် ကိုယ့်အိမ်အခြေအနေ ဘယ်လိုရှိနေလည်း လာကြည့်ချင်ကြတယ်။ တချို့ အနီးအနားရွာတွေကလည်း စစ်ကောင်စီစခန်းမရှိတော့ဘူးဆိုရင် ပျော်လို့ အဲဒီဘက်ကို လာကြည့်ချင်ကြတယ်။ အခုလောလောဆယ်မှာ တပ်တော်က ခွင့်ပြုချက်မပေးရင် ဘယ်သူဘဲဖြစ်ဖြစ် လုံး၀ မလာသင့်ဘူး”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ တင်းမကျေးရွာသည် အိမ်ခြေပေါင်း ၇၀၀ ကျော်ရှိပြီး လူဦးရေ ၃ ထောင်ကျော်ခန့် နေထိုင်ခဲ့သောကျေးရွာကြီးတစ်ရွာဖြစ်ပြီး ၂၀၂၀ ခုနှစ် မတ်လအတွင်း ရွာအနီး တိုက်ပွဲဖြစ်ပွားစဉ်ကတည်းက ရွာကို စွန့်ခွာပြီး စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေကြရသည်။

တင်းမဆရာတော်ကလည်း " ဦးဇင်းတို့ စစ်ဘေးရှောင်လာတာ လေးနှစ် ရှိပါပြီ။ ရက္ခိုင့်တပ်တော်က မိုင်းရှင်းလင်းပေးပြီး နေရပ်ကို ပြန်ခွင့်ပြုမယ်ဆိုရင် ဦးဇင်းတို့နဲ့ ရွာသူရွာသားတွေ ပြန်ကြမှာပါ “ ဟု  နိရဉ္စရာသတင်းဌာနကို မိန့်ကြားထားသည်။

အဆိုပါ တင်းမကျေးရွာသည် အထက်တန်းကျောင်း၊ ဆေးပေးခန်း၊ စျေးများဖြင့် ယခင်က အလွန်စည်ကားခဲ့သော ကျေးရွာကြီးတစ်ရွာဖြစ်ပြီး အများစုမှာ လယ်ယာကိုင်းကျွန်းနှင့် ဥယာဉ်ခြံမြေများ လုပ်ကိုင်စားသောက်ကြသူများဖြစ်ကြသည်ဟု သိရသည်။

စစ်ကောင်စီတပ်များသည် မြေမြုပ်မိုင်းများကို စာရင်းဇယားမရှိ ပြည်သူများ သွားလာရာ လမ်းများ၊ ဥယာဉ်ခြံမြေများတွင်  ထောင်ထားခဲ့သဖြင့် ပြည်သူများ အထိအခိုက် မရှိစေရန် အဆိုပါမိုင်းများကို အချိန်တစ်ခုယူကာ ရှင်းလင်းရန်လိုအပ်နေသည်ဟုလည်း သိရှိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော်ပြောခွင့်ရသူ ဦးခိုင်သုခကိုဆက်သွယ်မေးမြန်း၍ မရရှိသေးပါ။

ရခိုင်တွင် မြေမြုမိုင်းပေါက်ကွဲ၍ ၂၀၂၄ ပထမအပတ်အတွင်းတွင်ပင်  ၄ ဦးရှိသွားပြီဖြစ်ကာ အားလုံးမှာ ခြေထောက်တစ်ဖက်စီ ဖြတ်လိုက်ကြရသည်ဟု သိသည်။

၎င်းတို့မှာ မောင်တောမြို့နယ် အောက်ပြူးမမှ ဦးမောင်မောင်သိန်း အသက် (၃၆) နှစ် (၇-၁-၂၀၂၄ မိုင်းကွဲ)၊ ကျောက်တော်မြို့နယ်၊ ညောင်ပင်လှကျေးရွာမှ ‌ဒေါ်မကျော်သိန်းအသက် (၅၉) နှစ်(၆-၁-၂၀၂၄ မိုင်းကွဲ)၊ ရသေ့တောင်မြို့၊အရှေ့မြောက်ရပ်ကွက်ဈ ဘောလုံးကွင်းရွာသစ်မှ ကိုမောင်ဆန်းလင်း ( ၂၃) နှစ်(၃-၁-၂၀၂၄ မိုင်းကွဲ) နှင့် ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်မှ ဦးကိုးလ( ၅၇) နှစ်(၁-၁-၂၀၂၄ မိုင်းကွဲ) တို့ဖြစ်ကြသည်။

ဆက်စပ် သတင်းများ