တနင်္လာ၊ ဧပြီလ ၂၂ရက်၊ ၂၀၂၄

စစ်တွေတွင် အဖမ်းအဆီးများပြီး မနေ့ကတစ်ရက်တည်းအတွင်း လူပေါင်း ၆၀ကျော်ခန့် ဖမ်းဆီးခံရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၈ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

စစ်တွေတွင်အဖမ်းအဆီးများနေပြီး ယမန်နေ့ တစ်ရက်တည်းအတွင်း အပြစ်မဲ့ အရပ်သားပြည်သူ  ၆၀ကျော်ခန့် ဖမ်းဆီးခံခဲ့ရသည်ဟုသတင်းရရှိသည်။

ယမန်နေ့ ဇန်နဝါရီ ၇  နံနက် (၅) နာရီကျော်အချိန်ခန့်က စစ်တွေမြို့၊ ဗျိုင်းဖြူရွာနှင့် သုံးဆောင် ကျေးရွာများမှ အရပ်သားပြည်သူ (၄၀) ကျော်ကို စစ်ကောင်စီတပ်က  အဓမ္မ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းပြင် စစ်တွေမြို့၊ ကိုးရီးယားဆိပ်ကမ်းတွင် ကုန်တင်ကုန်ချလုပ်ကိုင်နေကြသည့် အရပ်သား ပြည်သူများနှင့် ဒေသခံခရီးသွား (၂၀) နီးပါးကိုလည်း  ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

ယမန်နေ့ညနေပိုင်းကလည်းကိုးရီးယားဆိပ်ကမ်းမှ လူနာသွားယူသည့် ပရဟိတအဖွဲ့အစည်းတစ်ခုမှ ယာဉ်မောင်းသူနှင့် ကားပေါ်တွင်ပါလာသည့် ပရဟိတသမားများကိုလည်း စစ်တွေမြို့မရဲစခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။

"  သူတို့က ကိုးရီးယားဆိပ်ကမ်းမှာ လူနာသွားတင်တာ။ လူများတယ်ဆိုပြီး ဖမ်းသွားတာ။ သုံးယောက် ဖမ်းတာ နှစ်ယောက်ကိုပြန်လွတ်ပေးတယ်။ ကားမောင်းသူနဲ့ ကားကိုတော့ ရဲစခန်းမှာ ထိန်းသိမ်း ထားတယ်။ ပြန်လွတ်ပေးမယ်လို့တော့ သိရတယ်" ဟုပြောသည်။

ယနေ့နံနက် ၈နာရီခွဲခန့်တွင် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးအကွက်(၂)မှ နေအိမ်တစ်ချို့ကို စစ်ကောင်စီက ဝင်ရောက် စစ်ဆေးခဲ့သည်ဟု စစ်တွေမြို့ခံတစ်ဦးကနိရဉ္စရာကိုပြောသည်။

" ဒီနေ့မနက်၈နာရီကျော်လောက်က ကယ်ဆယ်ရေးအကွက်  ၂ကိုဝင်ပြီး မွှေသွားတယ်။ အဖမ်းအဆီးတော့ ခု ၁၀နာရီလောက် ထိ မရှိသေးဘူး။ ပြီးတော့အဲဒီကနေတဆင့် ရွှေပြည်သာ ရွာဖက်ကိုလည်း စစ်နေတယ်" ဟုပြောသည်။

စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးပြီး ငွေ ၃ သိန်းကနေ ၁၀ သိန်းတောင်းကာ ပြန်လွှတ်ပေးမှုများလည်း ရှိနေသည်ဟု ဒေသခံများက ပြောကြားသည်။(NN-11)


ဆက်စပ် သတင်းများ