ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

မြောက်ဦး၊ သင်းကျစ်တော်တောင်စခန်းမှ ဗိုလ်မှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးအပါအဝင် (၆)ဦးသာ လက်နက်ချအလင်းဝင်


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၀၈ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.7k

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ရွာအနီးရှိ သင်းကျစ်တော်တောင် ဘုရားတွင် တပ်စွဲထားသည့် စစ်စခန်းမှ ဗိုလ်မှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးအပါအဝင် (၆)ဦးသာ ရက္ခိုင့်တပ်တော် (AA) ထံလက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ (၇) ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်မှ အရာရှိ တချို့တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်  ညနေ (၄) နာရီခန့်တွင် ယခုကဲ့သို့ အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ကျန်စစ်ကောင်စီတပ်သားများကို လက်နက်များစွန့်ကာ တပ်ဆုတ်နိုင်ရေး အေအေက လမ်းဖွင့်ပေးခဲ့ကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်မှသိရသည်။

"အချင်းချင်းဆွေးနွေးပြီးတော့မှ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနဲ့ အားလုံးပေါင်း ၆ ဦး အလင်း ဝင်တယ်။ ကျန်တဲ့သူတွေကိုတော့ လက်နက်အပ်ပြီး လမ်းကြောင်းဖွင့်ပေးလိုက်တဲ့သဘောနဲ့ လွှတ်ပေးလိုက်တယ်လို့ သိရတယ်။ သူတို့ ၅၄၀ ကိုတပ်ပေါင်းတယ်လို့ သိရပါတယ်"ဟု ပြောသည်။

မြောက်ဦး သင်းကျစ်တော်တောင် စခန်းကို ဇန်နဝါရီလ (၇) ရက်၊ ညနေ (၄) နာရီအချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး ရန်သူ့စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်ဟု ယနေ့တွင် ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်သည်။

သို့သော် သင်းကျစ်တောင်မှ စစ်ကောင်စီတပ်သားများ လက်နက်ချအလင်းဝင်မှုနှင့်ပတ်သက်၍ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။

ယနေ့ထုတ်ပြန်သည့် ရက္ခိုင့်တပ်တော် ၏ ထုတ်ပြန် ချက်တွင် ကျောက်တော်မြို့နယ် တောင်ရှည်တောင် ဗျူဟာစခန်းမှ ရန်သူ့အင်အား (၂၀၀) ခန့် (စခန်းတစ်ခုလုံး) သည် ရက္ခိုင့်တပ်တော်ထံ လက်နက်ချ အညံ့ခံခဲ့သည်ဟုလည်း ဖော်ပြထားသည်။

စစ်ကောင်စီ၏ အခြားသော တပ်စခန်းများမှလည်း  လက်နက်ချ အညံ့ခံရန် (သို့မဟုတ်) ပြည်သူ့ရင်ခွင်ထဲသို့ ဝင်ရောက်ခိုလှုံရန် ဆက်သွယ်မှုများရရှိထားသည်ဟုလည်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခု စစ်သား ၆ ဦး လက်နက်ချသည့် ကိစ္စနှင့်ပတ်သတ်၍ အတည်ပြုနိုင်ရန်အတွက် ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရ ဦးခိုင်သုခနှင့် ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။

ပြီးခဲ့နှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် ငွေတောင်ပေါက်တံတားအနီးရှိ ရဲစခန်းနှင့် သူတော်မတောင်ကုန်း စခန်းတို့ကို AA က ဝင်တိုက်ရာမှ မြောက်ဦးမြို့တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး အဆိုပါ စခန်းနှစ်ခုလုံးကို  ရက္ခိုင့် တပ်တော် (AA) က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

ယင်းမတိုင်မီ ဒီဇင်ဘာလလယ်ကတည်းက မြောက်ဦးမြို့ပေါ် ဌာနဆိုင်ရာများကို အေအေက ပိတ်ခိုင်းထားသည့် အတွက် ဌာနဆိုင်ရာရုံးများ ပိတ်ထားခဲ့ရခြင်းဖြစ်သည်။

ယင်းကြောင့် လက်ရှိမြောက်ဦးမြို့တွင် ခမရ ၃၇၇ တပ်ရင်း၊ ၃၇၈ တပ်ရင်း၊ ၅၄၀ တပ်ရင်း၊ လင်းမြွေတောင် တပ်စခန်း နှင့် အမှတ် ၃၁ ရဲတပ်ရင်းတို့သာ ကျန်ရှိတော့သည်။

ယင်းအပြင် စစ်ကောင်စီတပ်သားများ၊ စစ်စခန်းများအနေဖြင့် လက်နက်ချအညံ့ခံလိုပါက တပ်တော်ထံ အချိန်မရွေး ဆက်သွယ် နိုင်သည်ဟု အသိပေးထားသည်။  (NN-7) 

ဆက်စပ် သတင်းများ