ကြာသပတေး၊ အောက်တိုဘာလ ၃၁ရက်၊ ၂၀၂၄

မြောက်ဦး စစ်ကောင်စီရဲတပ်ရင်း ၃၁နှင့် ၃၇၇ တပ်ရင်းတို့မှ လူနေကျေးရွာများကို လက်နက်ကြီးများပစ်ခတ်


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၀၉ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

စစ်ကောင်စီ၏ မြောက်ဦးမြို့ အခြေစိုက်တပ်ရင်းများမှ ယနေ့နေ့လယ်က သင်းကျစ်တော်တောင်အနီးရှိ   လူနေကျေးရွာများသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယနေ့ဇန်နဝါရီလ ၈ရက်၊ နေ့လယ် ၁နာရီအချိန်က  မြောက်ဦးမြို့ အခြေစိုက် စစ်ကောင်စီ၏ ရဲတပ်ရင်း (၃၁)နှင့် ခမရ (၃၇၇) တပ်ရင်းများမှ ၁၂၀ မမ များဖြင့် လူနေကျေးရွာများသို့ ပစ်ခတ်ခဲ့ကြောင်း တိမ်ညိုကျေးရွာမှ ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"လက်နက်ကြီးတွေ ပစ်နေတယ်။ အနီးကပ်ကြီးကိုကြားရတာ။ ဗုံးခိုကျင်းတွေနဲ့ လုံခြုံမယ့် နေရာတွေအောက်မှာ ဝပ်ပြီးပုန်းနေရပါတယ်။ တစ်ခါပစ်ရင် မြေကြီးပေါ်ကျတဲ့အသံက  နှစ်ဆင့်ကွဲတာမျိုး နှစ်ကြိမ်လောက် ဆက်တိုက်ကြားရတယ်" ဟု ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်မှ ၁၂၀ မမ လက်နက်ကြီး များဖြင့် ပစ်ခတ်၍ မြောက်ဦးမြို့နယ်၊ တိမ်ညို ကျေးရွာရှိ ရဲစခန်းအနီး၊ ဈေးအနီးနှင့် သပြေကန်ကျေးရွာအနီးတို့တွင်လည်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

"ငါးမိနစ်ခြား သုံးကြိမ်ပစ်ခဲ့တယ်။ သပြေကန်ရွာနောက်မှာလည်း တစ်လုံးကျတယ်။ တိမ်ညို ရွာထဲမှာလည်း ကျတယ်။ အထိအခိုက် အပျက်စီးတွေကိုတော့မသိရသေးပါဘူး" ဟု နောက်ထပ်ဒေသခံတစ်ဦးကပြောသည်။


ယင်းလက်နက်ကြီးပစ်ခတ်မှုမှာ  နေ့လယ် ၁နာရီခွဲအချိန်ခန့်လောက်တွင် ရပ်တန့်သွားကြောင်း သိရသည်။

မြောက်ဦးမြို့ မြောက်ဘက်ရှိ စစ်တွေ-ရန်ကုန် အဝေးပြေးကားလမ်းဘေးတွင် တည်ရှိသည့်  သင်းကျစ်တော်တောင်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့  ရက္ခိုင့်တပ်တော်ထံ လက်နက်ချပြီး ကျန် ၁၀၀ နီးပါးခန့်မှာ ဇန်နဝါရီ ၇ ရက်၊ ည ၉ နာရီခန့်က မြောက်ဦးမြို့ရှိ တပ်ရင်း ၅၄၀ သို့ တပ်ဆုတ်သွား ကြောင်းသိရသည်။

ထိုသို့ စခန်းကိုစွန့်ခွာပြီး တပ်ဆုတ်သွားရ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရည်ရွယ်ချက်ရှိရှိဖြင့် ၎င်းစခန်း အနီးဝန်းကျင်ရှိ လူနေကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။



ယင်းအပြင် ယနေ့ ဇန်နဝါရီ ၈ ရက် ယနေ့ နံနက် အစောကြီး ညဉ့်  ၁၂ နာရီကျော်အချိန်ကလည်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် လာရောက်ပစ်ခတ်ခဲ့၍ မြောက်ဦးမြို့နယ်၊ အိုးထိမ်းကျေးရွာရှိ ဒေသခံ ဦးကျော်ဟိန်း၏နေအိမ်တွင် ကျရောက်ပေါက်ကွဲကာ နေအိမ်ပြိုကျပျက်စီးသွားကြောင်းသိရသည်။(NN-12)

ဓာတ်ပုံ - ယနေ့ ဇန်နဝါရီ ၈ ရက် နံနက်အစောကြီး ညဉ့် ၁၂ နာရီကျော်အချိန်က စစ်ကောင်စီ၏ ဂျက်လေယာဉ်မှပစ်ခတ်ခဲ့သည့် ကျည်ခွံများနှင့် ကျည်များကိုတွေ့ရစဉ်

ဆက်စပ် သတင်းများ

မြောက်ဦးရေပြန်ကျ
  • Web Master
  • ၀၄ သြဂုတ် ၂၀၂၄
မြောက်ဦးရေပြန်ကျ