စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ လူငယ် ၂ဦးအပါအဝင် မွတ်ဆလင် ၃ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၀၉ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ တပ်မချောင်း(မွတ်ဆလင်)ကျေးရွာတွင် သေနတ်ဖြင့်ပစ်ခတ်၍ လူငယ် ၂ ဦးအပါအဝင် ဒေသခံမွတ်ဆလင် ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၈ ရက် ည ၈ နာရီကျော်အချိန်ခန့်တွင် တပ်မချောင်း(မွတ်ဆလင်) အနောက်ကျေးရွာသို့ မျက်နှာဖုံးများ စွပ်ထားသည့် အာဆာ (ARSA) အဖွဲ့ဝင် (၅)ဦး ရောက်ရှိလာကာ သေနတ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူတစ်ဦးက "အာဆာအဖွဲ့ဝင်တွေလို့ သိရပါတယ်။ သေနတ်တွေနဲ့ ညဘက်ကြီးဝင်လာပြီး ပစ်သွားတာပါ။ ၃ ယောက် ပွဲချင်းပြီးဆုံးပြီး ကျန် ၃ယောက် ဒဏ်ရာရပါတယ်။ ရွာသားတွေကတော့ အခုလို ပစ်ခတ်မှုတွေထပ်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်" ဟု  ပြောသည်။

ပစ်ခတ်ခံရ၍ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားသူများမှာ အာမီရာကိန်း (၃၀ နှစ်) (အဘ မာမောက်ဆူတင်)၊ အာမီနိုရ်လုံ(၁၈ နှစ်) (အဘ နရူဆလင်)၊ မာမောက်ဂျူဘိုင်(၁၅ နှစ်) (အဘ အာဘူလာမောက်)တို့ ဖြစ်သည်။

ရာအိမ်မှူး အာဘူကာလောင် (၅၂ နှစ်)  (အဘ ဘော်ဇိုလာမောက်)၊ နိုရ်ဟာကိန်း (၂၃ နှစ်) (အဘ ဒေလီမာမောက်) နှင့် ဆာလာမာခမ်း(၄၀ နှစ်) (အဘ အဒူချုပ်ကူ)တို့ သုံးဦးမှာ ဒဏ်ရာရရှိသွားသည့်အတွက် ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင် ထားရကြောင်း သူက ဆက်ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၃၁ ရက်က တပ်မချောင်း ကျေးရွာသားများသည် ARSA အဖွဲ့ဝင် မော်လဝီအူလီနှင့် အမည်မသိသူ (၁)ဦးတို့ကို ဖမ်းဆီးပြီး စကခ(၁၅) လက်အောက်ခံ၊ ခမရ (၃၅၃)တပ်ရင်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းကြောင့် ARSA အဖွဲ့က မကျေနပ်၍ ယခုကဲ့သို့ တပ်မချောင်းကျေးရွာသို့ လာရောက်ပစ်ခတ်ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံတချို့က သုံးသပ်ကြသည်။ (NN-7)

ဆက်စပ် သတင်းများ