Preview

မြောက်ဦးတွင် အရပ်သား ၃ဦးကို စစ်ကောင်စီတပ်မှပစ်သတ်

ဇန်နဝါရီ ၀၉/ ၂၀၂၄ | ကြည့်ရှုသူ :1752
ရခိုင် သတင်း

(လက်နက်ကြီးကျည်ကျ၍ နောက်ထပ် အရပ်သား ၁ဦးသေဆုံးပြီး ကလေး၁ ဦးအပါအဝင် ၂ ဦးဒဏ်ရာ၇)

၇ခိုင်ပြည်၊မြောက်ဦးတွင်အကြမ်းဖက် စစ်ကောင်စီတပ်က  လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်သွားသည့် အမျိုးသား၃ဦးကို သေနတ်ဖြင့်ပစ်သတ်ပြီး ရပ်ကွက်တစ်ခုကိုလည်း လက်နက်ကြီးဖြင့်ပစ်ခတ်၍ ၁ ဦး သေဆုံးခဲ့သည်ဟုသတင်းရရှိသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူများမှာ ရှောက်တောစုရပ်ကွက်မှ ဦးထွန်းထွန်းဦးအသက် (၃၅ နှစ်)၊ကိုစောနိုင်ထွန်းအသက် (၂၈ နှစ်)နှင့် အလယ်ဈေး ရပ်ကွက်မှ ဦးစံရွှေကျော်အသ က်(၅၂ နှစ်) တို့ ဖြစ်သည်။

ယနေ့ဇန်နဝါရီ၉ရက် နေ့လယ် ၁နာရီခန့်က စစ်ကောင်စီ၅၄၀တပ်ရင်းမှ လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်သွားသည့် အမျိုးသား ၃ဦးကို သေနတ်ဖြင့်ပစ်သတ်သွားခဲ့သည်ဟုမြောက်ဦးမြို့ခံတစ်ဦးက နိရဉ္စရာကိုပြောသည်။


အဆိုပါ အရပ်သား ၃ဦး အသတ်ခံရမှုကို ရက္ခိုင့်တပ်တော်ကလည်း အတည်ပြုပြီး ယခုလို သတင်းထုတ်ပြန်ထားသည်။

“ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့တွင် မြောက်ဦးအခြေစိုက် အကြမ်းဖက်ဖက်ဆစ် စစ်ကောင်စီတပ်၏ ခမ၇(၅၄၀) မှ အင်အား(၅၀) ကျော်ခန့်ရှိ စစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ သကျမာရ်အောင်ဘုရားအနီးတွင် မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့ပြီး (၁၅)ဦးထက်မနည်းကျဆုံးခဲ့ကာ ဒဏ်ရာရရှိသူများထပ်မံရှိနိုင်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကျအဆုံးများပြီးအထိနာနေသော အဆိုပါစစ်ကြောင်းသည်မြောက်ဦးမြို့အတွင်းသို့ဆုတ်ပြေးစဉ် လမ်း၌တွေ့ရှိသော မြောက်ဦးမြို့ခံ (၃)ဦးအား လူသားဒိုင်းကာလုပ်၍ ခမ၇ (၅၄၀) တပ်ရင်းသို့ ခေါ်ဆောင်သွားပြီးအဆိုပါအပြစ်မဲ့ အရပ်သား (၃) ဦးစလုံးအား သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့သည်ဟု ဖော်ပြထားသည်။

မြောက်ဦး ဒေသခံတစ်ဦးက " သတ်တာက ၅၄၀ ပ်ရင်းကစစ်သားတွေက လူသားဒိုင်းကာ အဖြစ်ခေါ်သွားတဲ့ အရပ်သား သုံးယောက်ကိုကြိုးတုပ်ရိုက်နှက်ပြီး သေနတ်နဲ့ပစ်သတ်ခဲ့တယ်။ သုံးယောက်လုံး သေသွားခဲ့တယ်။ ၃ယောက်လုံးကိုတစ်ချိန်တည်းမှာပစ်သတ်ခဲ့တာတော့မဟုတ်ဘူး။ သက်ကြီးပိုင်း တစ်ယောက်ကို နေ့လယ်က သတ်တာ။ နောက်ထပ်နှစ်ယောက်ကို ညနေလောက်ကလမ်းမှာ ပစ်သတ်သွားတာပါ"ဟုပြောသည်။



ထို့အပြင်ယနေ့ ညနေပိုင်းတွင်လည်း ခမ၇ (၅၄၀)တပ်ရင်းမှ မြောက်ဦးမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်ခဲ့မှုကြောင့်အပြစ်မဲ့အရပ်သားပြည်သူ၁ဦး နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကလေးငယ် ၁ဦးအပါအဝင်  ၂  ဦးဒဏ်ရာရရှိခဲ့သည်။

လက်နက်ကြီးကျည်ကျ၍ သေဆုံးသွားသူမှာ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်မှဦးမဲနောင်ချေ (၅၁) နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ မဘူမေချေ အသက်(၇)နှစ်နှင့် နောက်တစ်ဦးတို့ဖြစ်ကြသည်။

မြောက်ဦးမြို့ခံတစ်ဦးက " စစ်ကောင်စီ ၅၄၀ တပ်က လက်နက်ကြီးတွေနဲ့  အဆက်မပြတ်ပစ်ခတ်ခဲ့တဲ့ အတွက် ဆင်ချဆိပ်ရပ်ကွင်းအတွင်းမှာ လူကြီးတစ်ယောက်သေသွားတယ်။ ကလေး တစ်ဦးအပါအဝင်ဒဏ်ရာကနှစ်ယောက်ရတယ်" ဟု နိရဉ္စရာသတင်းဌာနကိုပြောသည်။

အပြစ်မဲ့ပြည်သူလူထုတို့အားသတ်ဖြတ်သွားပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေသော ခမ၇ (၅၄၀) တပ်ရင်းအား ပြတ်ပြတ်သားသားလက်စားချေ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်ကပြောဆိုလိုက်သည်။

မြောက်ဦးသျှစ်သောင်းဘုရားအနီးတွင်စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်ကိုထိတွေ့ဖြစ်ပွားမှုရှိခဲ့ပြီး စစ်ကောင်စီ စစ်ကြောင်းတစ်ခုလည်းမိုင်းဆွဲတိုက်ခိုက်ခံ၇၍ သေဆုံးမှုများပြားသည်ဟု  မြို့ခံများကပြောသည်။(NN-11)

#မြောက်ဦး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.