Preview

ကျောက်တော် အပေါက်၀ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ တစ်ဦးသေဆုံးပြီး၊ တစ်ဦးဒဏ်ရာပြင်းထန်

ဇန်နဝါရီ ၁၀/ ၂၀၂၄ | ကြည့်ရှုသူ :1584
ရခိုင် သတင်း

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောက်တော်မြို့နယ်၊ အပေါက်၀ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ရွာသားတစ်ဦးသေဆုံးပြီး၊ တစ်ဦးဒဏ်ရာပြင်းထန်ရရှိကြောင်း သိ၇သည်။

ယနေ့ ဇန်နဝါရီလ ၁၀ ရက် နံနက် ၄ နာရီခန့်တွင် စစ်ကောင်စီတပ်ရင်းများက ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် အပေါက်၀ကျေးရွာ၊ ပေါ်တော်မူရပ်ကွက်တွင် ကျရောက်ပေါက်ကွဲကာ ကိုအတက်ချေ (၅၀ နှစ်)သေဆုံးခဲ့သည်။

ဦးအထွန်းချေ (၆၀နှစ်) မှာ ပေါင်တွင် ဒဏ်ရာအပြင်းအထန်ရရှိသွားသည်ဟု အမည်မဖော်လိုသူအပေါက်၀ကျေးရွာသာတစ်ဦးက ပြောသည်။

"ဘာမှမဖြစ်ပဲ ဒီအတိုင်း လက်နက်ကြီးတွေ တစ်ညလုံးပစ်နေတာပါ။ အရပ်သားများကိုတမင်တကာရည်ရွယ်ချက်ရှိရှိပစ်တာ။ရှင်းနေတာပဲ။  မနက်၄နာရီလောက်က ပစ်တဲ့အလုံးမှာ လူထိကုန်တာ။ တစ်ယောက်သေပြီး တစ်ယောက်ဒဏ်ရာရရှိလို့ ဆေးရုံကို ပို့ထား၇ပါတယ်" ဟု ပြောသည်။

ယနေ့ ည ၁၂နာရီကျော်အချိန်မှစကာ အမြောက်တပ်များဖြစ်သည့် ကန်စောက်တပ်ရင်း ၅၃၉နှင့် ခမ၇ ၃ရရ တပ်ရင်းနှင့် ဦးစွန်းတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်တပ်များက လူနေ ကျေးရွာများကို လက်နက်ကြီးများ တစ်ညလုံး အဆက်မပြတ်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

တစ်နေ့ထက်တစ်နေ့ စစ်ရေးပြင်းထန်လာနေသလိုတိုက်ပွဲတိုင်း အရှုံးနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် တိုက်ပွဲနှင့် မသက်ဆိုင်သည့် အရပ်သားများကို ဦးတည်တိုက်ခိုက်မှု ပိုမိုပြုလုပ်လာသည့်အတွက် ပြည်သူများအနေဖြင့်မပေါ့ဆရန်လိုအပ်ကြောင်း ကျောက်တော်မှ လူမှုရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။

"အခုကစစ်ကောင်စီတပ်ဟာ အရူးမီးဝိုင်းပြီးယုတ်မာသထက် ယုတ်မာနေတဲ့အချိန်ဖြစ်ပါတယ်။ အေအေကို မနိုင်တော့ ပြည်သူကိုပဲ ဦးတည်ဒုက္ခပေးနေတာပါ။ ဒါတွေကြောင့်လည်း သူတို့ စစ်ရေးဘယ်လောက်ရှုံးနိမ့်နေသလဲ သိနိုင်ပါတယ်။ ပြည်သူတွေအနေနဲ့တော့ သတိထားဖို့ မပေါ့ဆဖို့အရေးကြီးပါတယ်"ဟု ပြောသည်။

ရခိုင်စစ်ရေးပြန်လည်စတင်သည့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ ရက်ကလည်း ကန်စောက်အမြောက်တပ် ၅၃၉ မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲ၍ အပေါက်၀ ရွာတွင် ကျည်စထိမှန်ကာ ရွာသား ၂ ဦး သေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိစစ်ရေးပြင်းထန်နေသည့် မင်းပြား၊ မြောက်ဦး၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ကျောက်တော် မြို့နယ်များတွင်လည်း နေ့စဥ်ဆိုသလို အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သိ၇သည်။ (NN-7)

(ဓာတ်ပုံ - ပေးပို့) 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.