စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ်မှ တောင်းဖူးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီနေဗီမှ ဝင်ရောက်မီးရှို့


  • ရေးသူ: Web Master (NN 13)
  • | ရက်စွဲ: ၁၁ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ကို တောင်းဖူးကျေးရွာကို နေဗီမှဝင်ရောက်မီးရှို့နေသည်ဟု ရွာသားများက နိရဉ္စရာသတင်းဌာနကို ပြောသည်။

ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက် ၈ နာရီကျော်ခန့်မှစ၍ တောင်းဖူးကျေးရွာသို့ နေဗီ ၃ စီးမှ စစ်ကောင်စီတပ်သားများသည် သေနပ်ပစ်ခတ်ပြီး ၎င်းရွာသို့တက်ရောက်လာကာ ဓာတ်ဆီလောင်း၍ မီးရှို့နေကြောင်း ရွားသားတစ်ဦးက ပြောသည်။

" ရွာကို နေဗီကသေနတ်ပစ်ခတ်ပြီး ချောင်းဝတက်လာတယ်။ ပြီးရင်တစ်နေရာပြီးတစ်နေရာ ပတ်ပြီးမီးရှို့နေတာ။ ဓာတ်ဆီလောင်းပြီးရှို့နေတဲ့ ပုံစံပါ။ ချောင်းဝကလည်း လက်နက်ကြီးတွေ ပစ်ကူနေကြတယ်။ ဒရုန်းနဲ့လည်း ရွာကိုပစ်တယ်။ မီးက အခုဆိုရင် တစ်ရွာလုံးနီးပါးလောင်နေပါပြီ " ဟုပြောသည်။

ထိုသို့မီးရှို့ နေသည်မှာ မနက် ၈ နာရီကျော်မှ ၁၀ နာရီကျော်အထိ တစ်နေရာပြီးတစ်နေရာ မီးရှို့ နေပြီး ဘုန်းကြီးကျောင်းများကိုပါ မီးရှို့နေကြောင်းလည်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

" အခုအချိန်ထိ မီးလောင်နေတုန်းပဲ။ မီးက ၄ နေရာ ၅ နေရာလောက် လောင်နေတာ။ လောလောဆယ်တော့ တောင်းဖူးတစ်ရွာတည်းပါ။ မီးခိုးတွေက နေရာတိုင်းက ထွက်နေတာ။ အခုဆိုရင် ဘုန်းကြီးကျောင်းတွေလည်း မီးရှို့နေပါတယ် " ဟုပြောသည်။

တောင်ဖူးကျေးရွာသားအများစုမှာ ယခင်ကပင် ဘေးလွှတ်ရာသို့တိမ်းရှောင်နေကြပြီး၊ လယ်ယာလုပ်ကိုင်သည့် အိမ်ထောင်ဦးစီးအမျိုးသား အနည်းစုသာကျန်ရှိနေကြောင်း သိရသည်။

အဆိုပါရွာတွင် အိမ်ထောင်စု ၃၁၀ ခန့်ရှိပြီး၊ လူဦးရေ ၂၀၀၀ ကျော်ခန့်နေထိုင်ကြောင်းလည်း သိရသည်။ (NN-13)

ဆက်စပ် သတင်းများ