စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

မင်းပြားတွင် စစ်ကူလာသည့် စစ်ကြောင်းနှင့် စစ်ရေယာဉ်နှစ်စီးကို AA ကကြားဖြတ်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်နေ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၁ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.5k

စစ်ကူတက်လာသည့် စစ်ရေယာဉ်နှစ်စီးကို AA ကြားဖြတ်တိုက်ခိုက်

မင်းပြားမြို့ပေါ်သာမက မင်းပြားမြို့နယ် ရာမောင်တံတားအနီးတွင်လည်း ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေပြီး လေယာဉ်ဖြင့် ဗုံးကြဲမှုများ ရှိနေသည်ဟု သတင်းရရှိသည်။

မင်းပြားမြို့နယ် ဂြမ်းတိုက်နှင့်တောင်တိုက်ရွာကြားတွင် ယနေ့ဇန်နဝါရီ ၁၁ရက်နေ့ နံနက် ၇နာရီခန့်က ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကေကောင်စီတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်နေသည်ဟု မင်းပြားဒေသခံ တစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" ဒီနေ့မနက်၇လောက်ကနေ ရာမောင်တံတားကအဆင်း ဂြမ်းတိုက်နားမှာအပြန်အလှန်တိုက်ပွဲ  ဖြစ်တယ်။‌ တိုက်ပွဲက သေနတ်သံတွေဆက်တိုက်ကြားရတယ်။ စစ်သား ၇၀ လောက် သချိုင်္င်းတောင်ကနေ မင်းပြားမြို့ပေါ်  စစ်ကူသွားတာကို အေအေက တိုက်တာ" ဟုပြောသည်။

ဂြမ်းတိုက်နှင့်တောင်တိုက်ရွာကြား တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီက လေယာဉ်တစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ၎င်းက ပြောကြားသည်။

  အခု လေယာဉ်မကယ်ရင် မနိုင်တော့ဘူး။ အခုတိုက်ပွဲဖြစ်ရင် လေယာဉ်နဲ့ စစ်ကူရတယ်။ မနေ့ညကလည်း မြောင်းဘွေဖက်ကို လက်နက်တွေပစ်တယ်။ အထိခိုက်က မသိရသေးဘူး။ ဖုန်းလိုင်းတချို့ပြတ်နေတယ်ဟု ဆက်ပြောသည်။

ယင်းအပြင် ယနေ့ဇန်နဝါရီ ၁၁ရက်နေ့ နံနက်၈နာရီလောက်ကလည်း စစ်တွေဖက်မှ မင်းပြားဖက်ကို တက်လာသည့်  နေဗီ ၂စီးကို ရက္ခိုင့်တပ်တော်မှ ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေသည်ဟု မင်းပြားဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို‌ ပြောသည်။

" ခေါင်းလောင်းချောင်းဖက်မှာလည်း တိုက်ပွဲဖြစ်နေပါတယ်။‌ နေဗီကိုပစ်နေတာ။ လက်ရှိ၉နာရီထိတော့ သေနတ်သံတွေကြားရတယ်။ ထိအခိုက်ဘယ်လိုရှိလေဆိုတာမသိရသေးပါဘူး" ဟုပြောသည်။

စစ်တွေခလရ ( ၂၀)  ဖက်မှ MI 35တစ်စီးလည်း ပေါက်တော၊ မြောက်ဦးနှင့်မင်းပြားဖက်သို့ ပျံတက်သွားသည်ဟု မျက်မြင်ဒေသခံများက ပြောသည်။

ယမန်နေ့ ဇန်နဝါရီ ၁၀ရက်နေ့ကလည်း မင်းပြားမြို့အခြေစိုက် တပ်ရင်းများဖြစ်သော ခမရ (၃၇၉) ၊ ခမရ (၃၈၀) နှင့် ခမရ (၅၄၁) တို့အား ဇန်နဝါရီလ (၁၀) ရက်နေ့၊ နံနက် (၆) နာရီအချိန်ခန့် မှစ၍ ရက္ခိုင့်တပ်တော် (AA) မှ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

မြေပြင်တွင် ဖြစ်ပေါ်နေသော သတင်းများအရ မင်းပြား ခမရ (၃၈၀) ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ပြီဟု သိရသည်။ နိရဉ္စရာ သတင်းဌာနအနေဖြင့် လောလောဆယ် အဆိုပါ သတင်းအား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။ (NN-11)

ဆက်စပ် သတင်းများ