ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

စစ်တွေမြင်းကပ်တောရွာမှ ရွာသား ၆၀ ကျော်ကို စစ်ကောင်စီ ကြိုးတုတ်ဖမ်းဆီးခေါ်ဆောင်သွား


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၁၁ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ မြင်းကပ်တောရွာသစ်နှင့် ရွာဟောင်းမှ ရွာသား ၆၄ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က ကြိုးတုတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခံရရာတွင် မြင်းကပ်တောရွာဟောင်းမှ ရွာသား ၅၄ ဦးနှင့် မြင်းကပ်တောရွာသစ်က ရွာသား  ၁၀ ဦး၊ စုစုပေါင်း ၆၄ ဦးဖြစ်ကြောင်း အမည်မဖော်လိုသူတစ်ဦးက နိရဉ္စရာကို ပြောသည်။

ယနေ့ နေ့လယ် ၁ နာရီကျော်ခန့်က မြင်းကပ်တောရွာဟောင်းကို ဝင်ရောက်လာသည့်အင်အား ၆၀ ခန့်ပါသော စစ်ကောင်စီ စစ်ကြောင်းသည် ရွာသား ၅၄ ဦးအား လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

"ရွာဟောင်းကို အရင်ရောက်လာပြီး လူတွေကို ဖမ်းပြီးတော့ နှစ်နာရီက ဘုန်းကြီးကျောင်းမှာ ချည်ထားပါတယ်။ နေမကောင်းတဲ့ ၄ ယောက်ကို ချန်ထားခဲ့ပြီး ရွာက ယောကျ်ားတွေမြင်သမျှ ဖမ်းသွားတာပါ။ ရွာက ထွက်သွားတဲ့အချိန်မှာ အဲ့ဒီလူတွေကို နောက်ပြန်ကြိုးတုတ် ဖမ်းခေါ်သွားပါတယ်" ဟု ပြောသည်။

အဆိုပါ စစ်ကြောင်းသည် နေ့လယ် ၁၂ နာရီခန့်က ဇော်မတက်၊ သုံးဆောင်ရွာကို ဝင်ရောက်စစ်ဆေးခဲ့သည့်စစ်ကြောင်း ဖြစ်ပြီး မည်သည့်တပ်ရင်းမှဖြစ်သည်ကိုမူ အသေချာမသိရကြောင်း ၄င်းက ဆက်ပြောသည်။

မြင်းကပ်တောရွာဟောင်းမှ ဒေသခံ ၅၄ ဦးကို ဖမ်းဆီးပြီးနောက် ရွာသစ်ကို နောက်ထပ် ဝင်ရောက်ကာ ဒေသခံ  ၁၀ ဦးကို ဖမ်းဆီးသွားသည်ဟု ရွာသစ်မှ ဒေသခံတစ်ဦးက ဆိုသည်။

"ရွာဟောင်းက အထွက်မှာ ရွာသစ်ကိုဝင်ပြီး ထပ်ဖမ်းတာ။ ၁၀ ယောက်ပါသွားပါတယ်။ ကျန်တဲ့ လူတွေလည်း ကြောက်လို့ ပြေးနေကြပါတယ်"ဟု ပြောသည်။

ဖမ်းဆီးထားသည့် ဒေသခံများအား ညနေ ၅ နာရီခန့်တွင် ကျေးတောပိုက်ဆိပ်သို့ နောက်ပြန်ကြိုးတုပ်ကာ ခြေလျင်ခေါ်ယူသွားကြောင်း သိရသည်။

ဖမ်းဆီးရသည့် အကြောင်းအရင်းကို အသေးစိတ်ကို မသိရသေးပါ။ မြင်းကပ်တော ကျေးရွာသည် စစ်တွေရွှေမင်းဂံဆိပ်ကမ်းအနောက်ဖက်တွင် တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။

အဆိုပါ မြင်းကပ်တောရွာဟောင်းကျေးရွာသို့  ညနေ ၆ နာရီခန့်မှာ စစ်ကြောင်းမှ စစ်သားအချို့ ပြန်ဝင်လာခဲ့ကြောင်းလည်း သိရသည်။

လက်ရှိမှာ စစ်တွေမြို့ပေါ် နှင့် အနီးအနားကျေးရွာများတွင် စစ်ဆေးဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိရာ စစ်တွေမြို့နယ်အတွင်း ဖမ်းဆီးခံထားရသူ ၂၀၀ ကျော်သွားပြီဟု သိရသည်။ (NN-7)

(ဓာတ်ပုံ - ပုံဟောင်း) 

ဆက်စပ် သတင်းများ