စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

AA က ဒရုန်းဖြင့် ကျောက်တော် ၅၃၉တပ်ကို တိုက်ခိုက်ပြီးနောက် ၎င်းတပ်ရင်းက လက်နက်ကြီးများဖြင့် လူနေကျေးရွာများသို့ အဆက်မပြတ်ပစ်ခတ်


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၁၂ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.9k

ရက္ခိုင့်တပ်တော်(AA)မှ ကျောက်တော်မြို့နယ်၊ ကန်စောက်အခြေစိုက် ခမရ(၅၃၉)တပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ပြီးနောက် ၎င်းတပ်ရင်းမှ လက်နက်ကြီးများဖြင့် လူနေကျေးရွာများသို့ အဆက်မပြတ်ပစ်ခတ်နေကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၁ရက်၊ နေ့လယ် ၁၂နာရီကျော်အချိန်က ကျောက်တော်မြို့နယ်၊ ကန်စောက်အခြေစိုက် ခမရ (၅၃၉)တပ်ကို ရက္ခိုင့်တပ်တော်(AA)က ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။

"မနေ့ကပေါ့ ၅၃၉တပ်ကို အေအေတပ်တော်က ဒရုန်းနဲ့ဗုံးချခဲ့တယ်။ ဒရုန်းတစ်ခုမှာက ဗုံးခြောက်လုံး လောက်ပါနိုင်တယ်။ ဘယ်နှစ်ကြိမ် ဗုံးချတိုက်ခိုက်ခဲ့လည်းဆိုတာတော့ ကျွန်တော်လည်းအသေးစိတ် မသိရသေးဘူး။ ဒါပေမဲ့ ဒရုန်းနဲ့ဗုံးချတိုက်ခဲ့တာကတော့မှန်ပါတယ်။" 

ရက္ခိုင့်တပ်တော်(AA)က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက် ကျဆုံးမှုကို အသေးစိတ် မသိရသေးသော်လည်း ကန်စောက်အခြေစိုက် ခမရ(၅၃၉)တပ်မှ ယမန်နေ့ ဇန်နဝါရီ ၁၁ရက်၊ နေ့လယ် ၁၂နာရီကျော်အချိန်မှ စတင်ကာ ယနေ့ ဇန်နဝါရီ ၁၂ရက် မနက် ၉နာရီကျော်အချိန်ထိ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်းသိရသည်

"ဆက်တိုက် ပစ်နေတာ။ မနေ့က နေ့လယ်လောက်ကနေ အခုချိန်ထိ တစ်ချက်မှမနားဘူး။ တစ်ညည့်လုံးလည်းပစ်တယ်။ အခုမနက်မိုးလင်းလည်း ဆက်ပစ်နေသေးတယ်" ဟု ကျောက်တော်မြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

ခမရ(၅၃၉)တပ်မှ လက်နက်ကြီးများဖြင့် ဆက်တိုင်းပစ်ခတ်မှုကြောင်း ကျောက်တော်မြို့နယ်ရှိ ခမောင်းတော၊ ချောင်းတူ၊ လမုသား၊ ဂုတ်ပီထောင့်၊ အပေါက်ဝစသည့် ကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲ၍ ဒေသခံ  အများအပြားမှာ ဘေးလွတ်ရာသို့ ထွက်ပြေးရှောင်တိမ်းနေရကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်၊ ညနေ ၅ နာရီအချိန်ခန့်ကလည်း ကန်စောက်ခြေစိုက် ခမရ (၅၃၉)တပ်မှ လက်နက်ကြီးများပစ်ခတ်မှုကြောင့် အပေါက်ဝကျေးရွာတွင် ကျရောက်ပေါက်ကွဲပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်တချို့မီးလောင်ခဲ့သည်။

ရက္ခိုင့်တပ်တော်မှ ဒရုန်းဖြင့် တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါသည်။ (NN-12)

ဓာတ်ပုံ - ကန်စောက်အခြေစိုက် ခမရ(၅၃၉)တပ်မှ  လက်နက်ကြီးပစ်ခတ်၍  အပေါက်ဝကျေးရွာ မီးလောင်နေပုံ။

ဆက်စပ် သတင်းများ