ကြာသပတေး၊ ဇူလိုင်လ ၁၈ရက်၊ ၂၀၂၄

မြောက်ဦး လင်းမြွေတောင်စခန်းမှ စစ်တပ်အင်အား ၈၀ ခန့် တပ်ဆုတ်လာ


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၁၂ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.8k

ရခိုင်ပြည်၊မြောက်ဦးမြို့မြောက်ဘက်ရှိ စစ်ကောင်စီတပ် အခြေချစခန်းတစ်ခုဖြစ်သည့် လင်းမြွေတောင်စခန်းမှ စစ်ကောင်စီတပ်သားအင်အား ၈၀ ခန့်သည်  စခန်းမှတပ်ဆုတ်ပြီး ကျောက်တော် စကခ (၉) သို့ ဦးတည်သွားနေကြောင်းသတင်းရရှိသည်

ယနေ့ဇန်နဝါရီလ ၁၂ရက်၊ နံနက် ၇နာရီအချိန်ခန့်တွင် အဆိုစစ်သားများသည် ပါလင်းမြွေတောင် စခန်းတောင်ပေါ်မှဆင်းကာ မြောက်ဦးမြို့နယ်၊ လျှာရှည်ပြင်ကျေးရွာ အနီးရှိ လယ်ကွင်းပြင်မှ ဖြတ်လျှက် ကျောက်တော်မြို့နယ်ဘက်သို့ ဦးတည်သွားလာနေကြောင်း သိရသည်။

"စစ်သားတွေက လင်းမြွေတောင်ကဆင်းတယ်။ လျှာရှည်ပြင်ရွာလမ်းအတိုင်း လယ်ကွင်းတွေက ဖြတ်ပြီးတော့ ကန်စောက်ရွာအတိုင်းဝင်သွားတယ်။ အဲ့ဒီရွာမှာက ဇက်ရှိတယ်။ အဲ့ဒီဇက်နဲ့ ကူးတိုးကူးပြီးရင် ကျောက်တော်မြို့နယ်ကိုရောက်ပြီ။ ကျောက်တော်မြို့နယ်ဘက်ကို ဦးတည်သွာပါတယ်" ဟု မြောက်ဦးမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

ယနေ့ နံနက် ၈နာရီမှ ၁၁ နာရီ ၄၅ မိနစ်ထိ အဆိုပါ စစ်ကောင်စီတပ်သားသည်  ကျောက်တော်မြို့နယ်ရှိ လိပ်မနှင့် ကံချေပြင် ကျေးရွာကြားတွင် ကင်းပုန်းဝပ်လျှက်ရှိနေသည်ဟု သိရသည်။

ထိုသို့ကင်းပုန်းဝပ်နေသည့်အတွက် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီ တပ်သားတို့ အကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားမည်ကိုလည်း ဒေသခံများ စိုးရိမ်နေကြသည်ဟု ဒေသခံများက ပြောသည်။

"လောလောဆယ်တော့ လိပ်မနဲ့ကံချေပြင်ရွာကြားမှာ ကင်းပုန်းဝပ်နေကြတယ်။ တိုက်ပွဲဖြစ်မှာကို စိုးရိမ်တယ်။ ရွာသားတွေ ကြားညပ်သွားနိုင်တယ်လေ" ဟု လိပ်မကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

၎င်းစစ်ကောင်စီတပ်သားများသည် ကျောက်တော်မြို့နယ်ရှိ စခက (၉) သို့ အင်အား ဖြည့်တင်းရန် သွားရောက်ကြပုံရသည်ဟု ဒေသခံများကပြောသည်။

မြောက်ဦးမြို့နယ်ရှိ လင်းမြွေတောင်၌ စစ်ကောင်စီတပ်သားများမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှစတင်ကာ တပ်စွဲ နေထိုင်ခြင်းဖြစ်ပြီး ယင်းအချိန်မှစ၍ ရက္ခိုင့်တပ်တော်(AA) က တောင်အောက်ဆင်းခွင့် မရသည်အထိ သွားလာခွင့်ပိတ်ပင်ဝန်းရံပိတ်ဆို့ ခံထားရခြင်းဖြစ်သည်။

လင်းမြွေတောင်စခန်းသည် မြောက်ဦးမြို့အပြင်တွင် တည်ရှိသည့် တစ်ခုတည်းသော လက်ကျန် စစ်ကောင်စီ တပ်စခန်း တစ်ခုဖြစ်ပြီး တပ်သားများမှာ စခန်းစွန့်ခွာသွားကြပြီဟု ဒေသတွင်းသတင်းများ ထွက်ပေါ်နေသော်လည်း တောင်ပေါ်တွင် စစ်သားများကျန်ရှိနေသေးသည်ဟု သတင်းရင်းမြစ်တစ်ခုက ပြောသည်။ (NN-12)

ဓာတ်ပုံ - လူမှုကွန်ရက်

ဆက်စပ် သတင်းများ