စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

လင်းမြွေတောင်စခန်းမှ တပ်ဆုတ်သွားသည့် စစ်ကောင်စီစစ်ကြောင်းကို AA က ဝင်တိုက်၍ တိုက်ပွဲဖြစ်ပွားနေ


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၁၂ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

မြောက်ဦးမြို့နယ်၊ လင်းမြွေတောင်စခန်းမှ တပ်ဆုတ်သွားသည့် အင်အား ၈၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းကို ရက္ခိုင့်တပ်တော်(AA) က ဝင်တိုက်၍ တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။

ယနေ့ဇန်နဝါရီလ ၁၂ရက်၊ မနက် ၁၁နာရီအချိန်ခန့်ကစတင်ကာ ကျောက်တော်မြို့နယ်၊ ရွာမပြင် ကျေးရွာအုပ်စု၊ ရွာမပြင်ကျေးရွာအနောက်ဘက်၊ လီသွင်တောင်ကျေးရွာအနီးရှိ ၉၉ တောင်တန်း အကြားတွင် မြောက်ဦးမြို့နယ်၊ လင်းမြွေတောင်မှ တပ်ဆုတ်လာသည့် စစ်ကောင်စီ တပ်သားများကို ရက္ခိုင့်တပ်တော်(AA)က ဝင်တိုက်၍ ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

"အခုက တိုက်ပွဲဖြစ်နေတယ်။ AAက ဝင်တိုက်တာ။ ၉၉ တောင်တန်းကြားထဲမှာ ဖြစ်နေတာ။ မနက်က လင်းမြွေတောင်ကတပ်ဆုပ်လာတဲ့ စစ်သားတွေနဲ့ဖြစ်ကြတာ။ သူတို့က(စကစတပ်သား)တွေကတော့ လယ်ကွင်းပြင်မှာ ဝပ်နေကြတယ်" ဟု ခိုင်မာသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ နေ့လယ် ၁နာရီအချိန်ထိဖြစ်ပွားခဲ့ပြီး နောက်ထပ် နေ့လယ် ၂ နာရီတွင် ထပ်ဖြစ်ပြီး တိုက်ပွဲပြင်းထန်နေဟု ဒေသခံများက ပြောဆိုသည်။ 

လက်ရှိတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေ၍ ကျောက်တော်မြို့နယ်ရှိ ရွာမပြင်၊ ကျားနက်ကန်၊ လိပ်မစသည့် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးနေကြောင်းသိရသည်။

ယနေ့ဇန်နဝါရီလ ၁၂ရက်၊ မနက် ၇နာရီအချိန်ခန့်က  မြောက်ဦးမြို့နယ်၊ မြောက်ဘက်ရှိ စစ်ကောင်စီတပ် အခြေချစခန်း တစ်ခုဖြစ်သည့် လင်းမြွေတောင်စခန်းမှ  စစ်ကောင်စီတပ်သား အင်အား ၈၀ ခန့်သည် စခန်းမှ တပ်ဆုတ်လာခြင်းဖြစ်သည်။

ယင်းနောက်တွင် မြောက်ဦး မြို့နယ်၊ လျှာရှည်ပြင်ကျေးရွာအနီးရှိ လယ်ကွင်းပြင်မှ ဖြတ်လျှောက်ပြီး ကျောက်တော်မြို့နယ်ရှိ စခက ၉ ဘက်သို့ ဦးတည်သွားလာနေရာမှ ရက္ခိုင့်တပ်တော်(AA)က ဝင်တိုက်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။(NN-12)

 

ဓာတ်ပုံ - လူမှုကွန်ရက်

ဆက်စပ် သတင်းများ