ကြာသပတေး၊ အောက်တိုဘာလ ၃၁ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် စေတီပြင်နှင့်စေတီကုန်း နယ်ခြားစောင့်စခန်း ၂ခုမှ စစ်ကောင်စီတပ်သားများစခန်း စွန့်ခွာ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၄ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.5k

ရသေ့တောင်မြို့နယ်မှ စေတီပြင်နယ်ခြားစောင့်စခန်းနှင့် စေတီကုန်းစစ်တပ်စခန်းတို့မှ စစ်ကောင်စီတပ်သားများသည် ယမန်နေ့ ဇန်နဝါရီ ၁၃ရက်ညအချိန်က စခန်းကိုစွန့်ခွာသွားခဲ့ကြသည်ဟု သတင်းရရှိသည်။

ရသေ့တောင်ဒေသခံတစ်ဦးက " မနေ့ကညဉ့်၁၂နာကျော်လောက်မှာ ဖြစ်မယ်ထင်တယ်။  စေတီပြင်စခန်းနဲ့ စေတီပြင်ရွာအထက်က ကျောက်ပန်းတူတောင်ကျော်လမ်း စေတီကုန်းပေါ်က စခန်းက စစ်သားတွေ တစ်ယောက်မှ မရှိတော့ဘူး။ တိတ်တဆိတ်ထွက်ခွာသွားကြတယ်။ တိုက်ပွဲဖြစ်ပွားတာလည်း မရှိခဲ့ပါဘူး" ဟုပြောသည်။

အဆိုပါစွန့်ခွာသွားသည့် နယ်ခြားစောင့်ရဲစခန်း (၂)ခုတွင် အင်အား ၁၅၀နီးပါးရှိပြီး မောင်တောမြို့နယ် ကျောက်ပန်းတူဖက်သို့ ဆုတ်ခွာ ထွက်ပြေးသွားကြခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

" အင်အားများတယ်လို့ပြောလို့ရပါတယ်။ စခန်းတစ်ခုစီမှာ အင်အား ခုနှစ်ဆယ်၊ ရှစ်ဆယ်လောက် ရှိတယ်။ မေယူတောင်ကိုကျော်ပြီး မောင်တော  အင်းဒင် ကျောက်ပန်းတူဖက်ကို ဆုတ်ခွာ ထွက်ပြေး သွားကြတယ်လို့ သိရပါ" ဟုပြောသည်။

ထိုသို့ ဆုတ်ခွာသွားခဲ့ကြသဖြင့် ရသေ့တောင်မြို့နယ် အနောက်ဘက် စေတီပြင်မှ အငူမော်ထိ  မေယူကမ်းခြေတစ်လျှောက်တွင် စစ်ကောင်စီ စစ်စခန်း တစ်ခုမှမရှိတော့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ၁၃ရက်နေ့က  ရသေ့တောင် နယ်ခြားစောင့်စခန်းများ ဖြစ်သည့် ချိန်ခါလီ စခန်းနှင့် ဒုံးပိုက် စခန်း ၂ခုကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် အဆိုပါ ဒေသတွင် စစ်ရေးတင်းမာနေမှုမြင့်တက်နေခြင်းကြောင့် ယခုကဲ့သို့ တပ်ဆုတ်သွားခြင်းဖြစ်ကြောင်း သိရသည်။(NN-11)

ပုံစာ- စေတီပြင်-ကျောက်ပန်းတူ တောင်ကျော်ကားလမ်းဘေးရှိ စစ်ကောင်စီတပ်သားများ နေရာယူထားခဲ့သည့် စေတီကုန်းအားတွေ့ရစဉ်  

ဆက်စပ် သတင်းများ