သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း မင်းပြားမြို့ပေါ်မှ နေအိမ် ၁၁ လုံးမီးလောင်


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၁၄ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.5k

ရခိုင်ပြည်၊ မင်းပြားမြို့တွင် ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေပြီး ယမန်နေ့ ဇန်နဝါရီ ၁၃ ရက် ည ၈ နာရီခန့်က စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မြို့ပေါ်ရှိ နေအိမ် ၁၁ လုံး မီးလောင် ပျက်စီးသွားကြောင်း သတင်းရရှိသည်။

မီးလောင်ပျက်စီးသွားသော နေအိမ်များမှာ မင်းပြားမြို့ အောက်ရွာပိုင်းရပ်ကွက် ရွှေပြည်တန် ဆိပ်ကမ်းအနီးက လူနေအိမ်များအပါအဝင် လက်ဖက်ရည်ဆိုင်၊ ပုဇွန်ဒိုင်၊ မလိခဆိပ်ကမ်းအနီးက တရုတ်ဂဏန်းအဝယ်ဒိုင်တို့ ဖြစ်ပြီး ခန့်မှန်းခြေ နေအိမ် ၁၁ လုံးခန့်ရှိကြောင်း မင်းပြားမြို့ခံများက နိရဉ္စရာသတင်းဌာနကို ပြောသည်။

မင်းပြားမြို့ခံတစ်ဦးက" ကျနော်တို့က အဝေးကနေဘဲ မီးလောင်တာတွေ လှမ်းမြင်နေရတယ်။ သိရတာက ၁၁ ဆောင်လောက် မီးလောင်တယ်လို့ သိရတယ်။ ပျက်စီးမှုက ဘယ်လောက်ထိ ကြီးမားတယ်ဆိုတာ မသိရသေးဘူး။ မနေ့ကတစ်ရက်လုံး လေယာဉ်တွေနဲ့ လာပစ်နေတာပါ" ဟုပြောသည်။

စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် နေအိမ်အဆောင်များ မီးကူးစက် လောင်ကျွမ်းသွားခြင်း ဖြစ်ပြီး တစ်နာရီခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ နံနက် ၉ နာရီခန့်မှစ၍ မင်းပြားမြို့မှ တိုက်ပွဲဖြစ်ပွားသည့် နေရာများကို  ညသန်းခေါင် ကျော်သည်အထိ တစ်ညလုံးနီးပါး ဂျက်တိုက်လေယာဉ်များ၊ Y-12 ထောက်ပို့ လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများကပြောသည်။

" လက်နက်ကြီးက ၅၄၁ ဘက်ကဘဲပစ်တယ်။ လေယာဉ်နဲ့ကတစ်ရက်လုံး လာပစ်နေတာပါ။ မြို့အနားက ရွာတွေကဆိုရင် လက်နက်ကြီးကျလို့ ဘေးလွတ်ရာဆီကို ကလေးသူငယ်တွေနဲ့ ပြေးလာကြသူတွေအများကြီးပဲ" ဟု နောက်ထပ် မြို့ခံတစ်ဦးက ပြောသည်။

လက်ရှိ မင်းပြားတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေပြီး ၎င်းမြို့အခြေစိုက် စစ်ကောင်စီ ခမရ (၅၄၁) တပ်ရင်းမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

ရခိုင်တွင် ပြန်လည်စတင်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက် အချိန်မှစ၍ စစ်ကောင်စီ၏ လက်ချက်ကြောင့် ဒေသခံပြည်သူများ၏  နေအိမ် ၅၀၀ ထက်မနည်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ဇန်နဝါရီလ ၁၁ ရက် နံနက် ၈ နာရီကျော်ခန့် အချိန်ကလည်း ပေါက်တောမြို့နယ် တောင်းဖူးကျေးရွာကို စစ်ကောင်စီတပ်သားများက ဓာတ်ဆီသွန်၍ မီးရှို့မှုကြောင့် အိမ်​ခြေ ၁၀၀ ခန့် မီးလောင်သွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ (NN-8)

ဆက်စပ် သတင်းများ