ကြာသပတေး၊ ဇွန်လ ၂၀ရက်၊ ၂၀၂၄

စစ်တွေမြို့နယ်မှ ကျေးရွာတစ်ရွာလျှင် လူ ၅၀ ခန့်စီ စစ်တပ်က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တောင်းခံသည့်သတင်းထွက်နေ၍ ရွာသားများ ထွက်ပြေးတိမ်းရှောင်နေ


  • ရေးသူ: Web Master (NN 09)
  • | ရက်စွဲ: ၁၄ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

ရခိုင်တိုက်ပွဲအတွင်း အကျအဆုံးများကာ အထိနာနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်သည် စစ်တွေမြို့နယ်ရှိ ကျေးရွာအချို့ကို တစ်ရွာလျှင် လူ ၅၀ ခန့်စီ ပေးရမည်ဟု တောင်းခံနေကြောင်း သတင်းထွက်ပေါ်နေသဖြင့်  ကျေးရွာသားများမှာ ပေါ်တာအဖြစ် ခိုင်းခံရမည်ကို စိုးရိမ်ပြီး  ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု သတင်းရရှိသည်။

အဆိုပါ ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီက ဝင်ရောက်ပြီး အမျိုးသားများအား လိုက်လံဖမ်းဆီးမှုများလည်း ရှိနေပြီး လက်ရှိဖမ်းခံနေရသူများမှာ ကံပြင်ရွာဟောင်းမှ ၅၂ ဦး (အရင်ဖမ်း ၄၈ ဦးနှင့် နောက်ထပ်ဖမ်း ၄ ဦး)၊ ကံပြင်ရွာသစ်မှ ၁၀ ဦး၊ ကျေးတောရွာမမှ ၃ ဦးနှင့် ကျေးတောပိုက်ဆိပ်က ၄ ဦးထက်မနည်းရှိကြောင်း  ဒေသခံများက ပြောသည်။

သို့အတွက် စစ်တွေမြို့ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်းမှ ကျေးတောရွာမ၊ ကျေးတောပိုက်ဆံ၊ ကံပြင်ရွာသစ်နှင့် ကံပြင်ရွာဟောင်းစသည့် ရွာပေါင်း ၄ ရွာမှာ အမျိုးသားများသည့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်နေရသည်ဟု ကိုယ်တိုင်ထွက်ပြေးတိမ်ရှောင်‌နေသည့် ကျေးရွာသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

"အခု ထွက်ပြေးနေတာ လမ်းမှာပါ။ စစ်တပ်က ပေါ်တာဆွဲဖို့ ကြောက်လို့ ထွက်ပြေး​နေတာပါ။ ဘယ်လို့သိလဲဆိုတော့ ကျေးရွာအုပ်ချုပ်‌ရေးမှူးတွေ၊ ရာအိမ်မှူးတွေက တစ်ရွာက ယောက်ျား ၅၀ လောက်ပေးရမယ်လို့ စစ်တပ်က ပြောတယ်လို့ ပြောတယ်။ အဲဒါကြောင့် အဖမ်းမခံရအာင် ကြိုရှောင်တာပါ။ အဲစစ်သားတွ ဖမ်းသွားပြီး ပြန်လွတ်လာမှထက် သေဖို့က ပိုများတယ်။ အဲ ကြောင့် ထွက်ပြေးနေတာပါ။ သူတို့က လမ်းမှာ မြင်သမျှ တွေ့သမျှလူတွေကို ဖမ်းခေါ်နေတာ" ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက် နေ့လယ်‌‌ ၁၂ နာရီ ခန့်က စစ်တွေမြို့နယ် ကျေးတောရွာမ၊ ကျေးတောပိုက်ဆိပ်၊ ကံပြင်ရွာဟာင်းနှင့် ရွာသစ်တို့ကို အင်အား ၆၀ ခန့်ပါသော အကြမ်းဖက် စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆးပြီးနောက် အဆိုပါကျေးရွာတို့မှ ပြစ်မဲ့ကျေးရွာသား ၇၀ ကျော်လာက်အား ကြိုးတုတ်ကာ ဖမ်းဆီးခေါ်သွားသည်ဟု မျက်မြင် ကံပြင်ရွာသစ်မှ ကျေးရွာသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"သူတို့ ဧည့်စာရင်းတွေ စစ်တယ်။ ပြီးတော့ အိမ်မှာ ရှိတဲ့ သူတွေ၊ လမ်းမှာ တွေ့တဲ့ ယောက်ျားတွေကို ဖမ်းခေါ်သွားတာ။ ကျနော်တို့ရွာက ၁၀ လောက် ပါသွားတယ်။ အခုလည်း ရွာကနေ ရှောင်နေတာ။ ဘယ်တော့ လာဖမ်းမယ် မသိဘူးလေ" ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်တပ်က ကျေးရွာတာဝန်ရှိသူများကို စစ်တပ်အတွက် တစ်ရွာလျှင် အမျိုးသား ၅၀ ခန့် တောင်းထားသည့်အတွက် ရွာမှ လူငယ်များ၊ အိမ်ထောင်သည်အမျိုးသားများနှင့် အသက်ကြီးပိုင် အမျိုးသားများပါ ထွက်ပြေးတိမ်ရှောင်နေကြကြောင်း ၎င်းက ဆက်ပြောသည်။

ဇန်နဝါရီ ၁၁ ရက်နေ့က ဖမ်းဆီးသွားသည့် သူ ၇၀ ခန့်ကို လက်ရှိ စစ်တွေ အမှတ် (၁) နှင့် အမှတ် (၂) ရဲစခန်းတို့တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး မိသားစုများနှင့် တွေ့ဆုံခွင့်မရကြောင်း သိရသည်။

လက်ရှိမှာ စစ်တွေမြို့ပေါ် နှင့် အနီးအနားကျေးရွာများတွင် စစ်ဆေးဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိရာ စစ်တွေမြို့နယ်အတွင်း ဖမ်းဆီးခံထားရသူ ၂၀၀ ကျော်သွားပြီဟု သိရသည်။ (NN-9)


ဆက်စပ် သတင်းများ