(လက်နက်ခဲယမ်းအများအပြားသိမ်းဆည်း၇မိ)
ရက္ခိုင့်တပ်တော် ( AA) သည်ပလက်၀မြို့ အခြေစိုက် ခလ၇ (၂၈၉) တပ်ရင်းအပါအဝင် ၎င်းဒေသရှိ စစ်စခန်းများအားလုံးကို သိမ်းပိုက်လိုက်ပြီဖြစ်သဖြင့် ပလက်၀မြို့အပါအဝင် ပလက်၀ဒေသတစ်ခုလုံးသည် စစ်ကောင်စီ ကင်းရှင်းမြို့နယ်ဖြစ်သွားပြီဖြစ်ကြောင်း ယနေ့ AA က သတင်းထုတ်ပြန်သည်။
ထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
တိုက်ပွဲသတင်းများထုတ်ပြန်ချက်
၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ (၁၄) ရက်
"ရောမမြို့ကို တစ်ရက်တည်းဖြင့်တည်ဆောက်၍မရ" ဆိုသကဲ့သို့ ရက္ခိုင်နှင့် ပလက်၀ဒေသအတွင်းရှိရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရရှိခဲ့သော ဗျူဟာစခန်းများ၊ အထိုင်ချစခန်းများနှင့်လက်နက်ကြီးစခန်းများအပါအဝင် အားလုံးသော စခန်း သိမ်းတိုက်ပွဲတိုင်းသည်လွယ်လင့်တကူ အသာတကြည်ရရှိခဲ့သော စခန်းများတစ်ခုမှမရှိခဲ့ပေ။
အာရက္ခစစ်သည်တော်များ၏ ထိုက်သင့်သောပေးဆပ်မှု၊စွန့်လွှတ်စွန့်စားသော စစ်သည်တော်များ၏ သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်နိုင်မှု၊ ပေးအပ်လာသောအမိန့်နှင့် တာဝန်ကို ကျေပွန်မှု၊စစ်ဒေသအချင်းချင်း ချိတ်ဆက်တိုက်ပွဲဝင်နိုင်မှု နှင့် ရန်သူ၏အားနည်းချက်ကိုအမိအရဖမ်းဆုပ်ရယူနိုင်မှုများဖြင့် ရယူခဲ့သောစခန်းများ ဖြစ်ကြသည်။တခြားတစ်ဖက်တွင် လည်း ဆက်စပ်တိုက်ပွဲများ၊ ဟန်ချက်ညီတိုက်ပွဲများဖြင့်ရန်သူ၏စခန်းများကို တစ်ခုပြီးတစ်ခု ဗျူဟာကျစွာဖြင့် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ရက္ခိုင်ပြည်မြောက်ပိုင်း၏ အရေးပါသောမြို့ကြီးများအားရန်သူ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့်ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ စစ်ကောင်စီ၏အရေးကြီးပြီးအဓိကကျသော ဗျူဟာကုန်း၊ အထိုင်ချစခန်းကုန်းများနှင့်ပြည်သူလူထုကို နှစ်ရှည်လများ ဒုက္ခပေးနေသော လက်နက်ကြီးစခန်းကုန်းများကို မိမိတို့ ရက္ခိုင့်တပ်တော်မှလည်း ပြင်းထန်သော ထိုးစစ်ဆင်တိုက်ခိုက်မှုများဖြင့်၇ယူသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ပလက်၀ဒေသအတွင်း စစ်ဆင်ရေးကို၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင်စတင်ခဲ့ပြီး “တရွန်အိုင်” နှင့် “နှုံးဘူး” ဗျူဟာနှစ်ခုစလုံးကို ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ဤထိုးစစ်မစခင်ကတည်းကပင် မိမိတို့သည် ရက္ခိုင်နှင့် ပလက်၀ဒေသရှိ စစ်ကောင်စီ၏ဗျူဟာကုန်း၊ အထိုင်စခန်းကုန်းအများအပြားကိုနှစ်ရှည်လများ ဗျူဟာ မြောက်စွာ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားခဲ့ပြီးအဆိုပါစခန်းများအား ယခုအချိန်တွင်မှ တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်ချေမှုန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီ၏စခန်းများဖြစ်ကြသော (၁)၊ (၂)၊ (၃)၊ (၄)၊ (၅) နှင့် (၆) အစရှိသောစခန်းများကိုဗျူဟာမြောက် စွာဖြင့် စနစ်တကျ တစ်ခုပြီးတစ်ခု ခက်ခက်ခဲခဲသိမ်းပိုက်ရယူနိုင်ခဲ့သည်။ဤကဲ့သို့ သိမ်းပိုက်ရရှိပြီးနောက်မှသာ ပလက်၀မြို့တစ်မြို့လုံးကိုနောက်ဆုံးတွင်မှ အလုံးစုံသိမ်းပိုက်၇ယူနိုင်ခဲ့ခြင်းဖြစ်သကဲ့သို့ အောင်မြင်စွာထိန်းချုပ်ထားနိုင်ပြီလည်း ဖြစ်သည်။
ပလက်၀မြို့ ပတ်ဝန်းကျင်တွင်“ခလ၇ (၂၈၉)တပ်ရင်းဌာနချုပ်”၊“စကခ(၁၉) ရှေ့တန်းတပ်မဌာနချုပ်”နှင့် “တပ်မ(၁၁)” လက်အောက်ခံတပ်ရင်းများသည် ပလက်၀မြို့ကိုဗဟိုပြု၍ အရှေ့၊ အနောက်၊ တောင်၊ မြောက် တပ်ဖြန့်ထားလျက်ရှိသည်။
“ခလ၇ (၂၈၉)တပ်ရင်းဌာနချုပ်” သည် ပလက်၀ဒေသတစ်ခုလုံးရှိ၎င်းတို့၏တပ်စခန်းများအားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေသောအဓိကတပ်မဌာနချုပ်တစ်ခုဖြစ်ပြီး တပ်မမှူးများ ပူးတွဲကြီးကြပ်ကွပ်ကဲနေသည့်“စစ်ဗျူဟာ ကုန်းကြီး”လည်းဖြစ်သည်။
ပလက်၀ဒေသအတွင်းရှိ တပ်ရင်းများနှင့်ပလက်၀ဒေသအတွင်း အခြေချလှုပ်ရှားနေသော “စကခ(၁၉)” နှင့်“တပ်မ (၁၁)” တို့မှတပ်မမှူးများအားလုံးသည် ပလက်၀မြို့တွင် အတူရှိနေကြပြီး ၎င်းနေရာမှကွပ်ကဲအုပ်ချုပ်နေသောကြောင့် ပလက်၀မြို့သည် အကြီးဆုံးဗျူဟာစခန်းကုန်းလည်းဖြစ်သည်။
ပလက်၀မြို့ အခြေစိုက် စစ်ကောင်စီ၏“ခလ၇ (၂၈၉)တပ်ရင်းဌာနချုပ်” အား၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်၊ နံနက် (ရ) နာရီ (၁၀)မိနစ်အချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်။ရန်သူ့လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားတို့ကိုသိမ်းဆည်းရမိခဲ့သည်။
ဤ “ခလ၇ (၂၈၉)တပ်ရင်းဌာနချုပ်” သည်ပလက်၀ဒေသအတွင်း မိမိတို့ ဝန်းရံပိတ်ဆို့ဖြတ်တောက်ထားသည့် စခန်းများစွာထဲမှ နောက်ဆုံးလက်ကျန်သိမ်းပိုက်ရန်ကျန်ရှိနေသေးသောစခန်းကြီးလည်း ဖြစ်သည်။ ထို့အပြင် ဤတပ်ရင်းဌာနချုပ်သည် စစ်ကောင်စီ၏ ပလက်၀ဒေသတစ်ခုလုံး၏ စစ်ဆင်ရေးကိုစီမံခန့်ခွဲညွှန်ကြားနေသော ဌာနချုပ်စခန်း ဖြစ်သည့်အပြင် ပလက်၀ဒေသတစ်ခုလုံးနှင့်အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်- မြန်မာ (ပလက်၀) သုံးနိုင်ငံနယ်စပ်အထိ ၎င်းတို့၏ စစ်စခန်းများသို့ ထောက်ပို့ပေးနေသော ထောက်ပို့ဗျူဟာကုန်းကြီးလည်းဖြစ်သည်။
ပလက်၀ဒေသအတွင်းစစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်“နှမဒါဗျူဟာ” နှင့် “ခန်ခတောင်ဗျူဟာ”စခန်းနှစ်ခုထဲမှ“ခန်ခတောင်ဗျူဟာ”စခန်းကိုလည်း ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးလက်နက်ခဲယမ်းအမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့သည်။ ဤ “ခန်ခတောင်ဗျူဟာ”မှ ရန်သူများမှာအိန္ဒိယနိုင်ငံ ဘက်အတွင်းသို့ ထွက်ပြေးသွားခဲ့ကြသည်။
ပလက်၀ဒေသအတွင်းမှ တစ်ခုတည်းသောမိမိတို့ နောက်ဆုံးသိမ်းပိုက်ရန်ကျန်ရှိနေသေးသော "နှမဒါဗျူဟာ” မှ ဗျူဟာစခန်းကိုလည်းယနေ့၊ ဇန်နဝါရီလ (၁၄) ရက်၊ နေ့လည် (၃) နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ပြီးဖြစ်သည်။ ထို့ကြောင့် ယနေ့မှစ၍ ပလက်၀ဒေသတစ်ခုလုံးမှာ “စစ်ကောင်စီလုံး၀ကင်းစင်သောဒေသ”ဖြစ်လာခဲ့ပြီဖြစ်သည်။
ပလက်၀ဒေသတစ်ခုလုံးရှိစစ်ကောင်စီတပ်စခန်းများ တစ်ခုမကျန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များတစ်ယောက်မှမရှိ၇လေ အောင် မိမိတို့မှ ထိုးစစ်ဆင်တိုက်ခိုက်ပြီးသည့်နောက်တွင်ပလက်၀ဒေသတစ်ခုလုံး၌ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား နှင့်စစ်ကောင်စီ၏အာဏာစက် လုံး၀ချုပ်ငြိမ်းသွားပြီဖြစ်သည်။ တစ်နည်းအားဖြင့်ပလက်၀ဒေသတစ်ခုလုံးအား ရက္ခိုင့် တပ်တော်မှအောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။
အခြားတစ်ဖက်တွင် တစ်ယောက်ချင်း(သို့မဟုတ်) အုပ်စုငယ်များဖြင့် ထွက်ပြေးလွတ်မြောက်နေသော ဖက်ဆစ်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်နက်ဖြင့် (သို့) လက်နက်မဲ့ဖြင့် ရှိနိုင်သောကြောင့်ပလက်၀ဒေသအတွင်း မိဘပြည်သူ များအနေဖြင့် အထူးသတိထားကြရန်နှင့်အသွားအလာများရှိပါက သတိထားသွားလာကြရန်လည်း အလေးအနက် သတိပေးအပ်ပါသည်။
မိမိတို့အနေဖြင့်ပြည်သူတို့၏ အသက်၊ အန္တရာယ် ၊ အိုးအိမ်၊ စည်းစိမ်တို့ကိုယခုထက်ပိုမိုလုံခြုံစိတ်ချစေရန်အတွက် အဆိုပါ ထွက်ပြေးလွတ်မြောက်နေသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်မှ လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသည်။
(ရက္ခိုင်နှင့်ပလက်၀ဒေသအတွင်း စစ်ဆင်ရေးကာလ နှစ်လပြည့်သော ၂၀၂၄ ဇန်နဝါရီ၁၄ ရက်နေ့ ထုတ်ပြန်သည့် အောင်ပွဲ၇ သမိုင်းဝင် မှတ်တမ်းဝင်ဓာတ်ပုံများ)