ကြာသပတေး၊ ဇွန်လ ၂၀ရက်၊ ၂၀၂၄

စစ်တွေမြို့နယ် တောကန်ရွာကို အကြမ်းဖက်စစ်ကောင်စီ မီးရှို့


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၅ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ တောကန်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့နံနက်က ရွာကို ဝင်ရောက်လာပြီး မီးရှို့ခဲ့သဖြင့် အိမ်ခြေ ၈၀ ခန့် မီးလောင်သွားသည်ဟု သတင်းရရှိသည်။

ယနေ့ နံနက် ၉ နာရီခန့်ကပင် စစ်ကောင်စီအင်အား ၅၀ခန့်ဖြင့် ဝင်ရောက် မီးရှို့နေသည်ဟု ကိုယ်တွေ့မြင်နေရသည့် တောကန်ကျေးရွာသား တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" မနေ့ညကတည်းက တစ်နေကုန်  လက်နက်ကြီး လက်နက်ငယ်ပစ်တယ်။ တောကန်ကို ဒီမနက်လည်း ရဟတ်ယာဉ်နဲ့ ပြိုအောင်ပစ်တယ်။ မီးလည်း ဝင်ရှို့နေလို့မီးလောင်နေတယ်။ကျနော်တို့ အဝေး   တစ်နေရာက ရွာမီးခိုးထွက်နေတာ တွေ့ နေ ရတယ်။ တော်တော်လေးကိုစိတ်မကောင်း ဖြစ်နေရတယ်။ လူမဆန်တဲ့ လုပ်ရပ်တွေပါ။ ပြောစရာစကားတောင်မရှိတော့ဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာရတယ်" ဟုပြောသည်။

ယမန်နေ့  ဇန်နဝါရီ ၁၄ ရက်နေ့ ညနေ ၃ နာရီခွဲခန့် ကလည်း စစ်တွေမြို့နယ် တောကန်နှင့် ဝါဘို ကျေးရွာကြားကို ရဟတ်ယာဉ်ဖြင့် လာပစ်ခတ်ပြီး တောကန် ကျေးရွာသားများမှာ  ဘေးလွှတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်ဟု တောကန် ကျေးရွာ သားတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

"  စစ်သားတွေ ၃နာရီလောက်က ရဟတ်ယာဉ်နဲ့ ရွာကို လာပစ်တော့ ကျနော်တို့ ချောင်းကမ်းဖက်ကို ထွက်ပြေးကြတယ်။ လက်နက်ကြီးကျည်က ချောင်းထဲကို ၂လုံးနဲ့  ရွာထိပ်ကို ၁လုံး ကျတယ်။ ရွာသားတွေ အထိခိုက်မရှိပေမယ့် အသက်လုထွက်ပြေးခဲ့ကြရတယ်။မနေ့ကည ၇နာရီခွဲကလည်း ရွာကို စစ်သားတွေဝိုင်းထားတယ်။ ရွာထဲမှာ လူတွေတော့သိပ်မရှိတော့ဘူး" ဟုပြောသည်။

လက်ရှိ ရခိုင်တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်ထံတွင် အထိနာအကျအရှုံးများနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်သည် အပြစ်မဲ့ အရပ်ပြည်သူများကို ပေါ်တာအဖြစ် လိုက်လံဖမ်းဆီးနေသည့်သာမက ကျေးရွာရပ်ကွက်များကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လူနေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းများကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေကြောင်း ရခိုင့်နိုင်ငံရေး လေ့လာ သုံးသပ်သူများက ပြောသည်။

တောကန်ကျေးရွာတွင် အိမ်ခြေ ၂၀၀ကျော်ရှိပြီး အိမ်ခြေ ၈၀ခန့်  မီးလောင်ကျွမ်းသွားသည်ဟု ဒေသခံများကပြောသည်။

စစ်တွေမြို့နယ်၊ တောကန်ကျေးရွာတွင် လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်  မွန်းလွဲ ၂ နာရီ ခန့်က စစ်တပ်အင်အား ၅၀ ခန့် ပါဝင်သည့် စစ်ကြောင်း တစ်ခုသည် ရွာထဲက စက်လှေဆိပ်ကို ဝင်ရောက်လာပြီး ဆန်နှင့် စပါးအိတ် အများအပြားကို ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။(NN_11)

ပုံစာ- ယခင်​တောကန်ရွာက နေအိမ်များ မီးရှို့ခံရစဉ်။

ဆက်စပ် သတင်းများ