ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

မြောက်ဦး မြောင်းဘွေကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့်ပစ်ခတ်၍ ရွာသား ၂ ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၁၆ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 997

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊  မြောင်းဘွေကျေးရွာကို ယမန်နေ့ ညနေ ငါးနာရီကျော်ခန့်က စစ်ကောင်စီက လေယာဉ်ဖြင့် ပစ်ခတ်သဖြင့်  ရွာသား ၂ ဦး သေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူ ၂ ဦးမွာ မြောင်းဘွေကျေးရွာဒေသခံ ဦးအေးကျော် (၅၅ နှစ်)နှင့် ဦးဇော်မင်းအောင် (၄၅ နှစ်)တို့ ဖြစ်ကြသည်။

လေယာဉ်က ပစ်ခတ်သည့် ကျည်ဆံများသည် အဆိုပါ ရွာသားနှစ်ဦး၏  ဦးခေါင်း၊ ဝမ်းဗိုက်နှင့် ပေါင်တို့တွင် ထိမှန်ပြီး ဒဏ်ရာပြင်းထန်ကာ သေဆုံးသွားခြင်းဖြစ်ကြောင်း ကျေးရွာသား တစ်ဦးက ပြောကြားသည်။

ထို့အပြင် မြောင်းဘွေကျေးရွာဒေသခံ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၌လည်း ဝမ်းဗိုက်တွင် ကျည်စထိထိမှန် ဒဏ်ရာရှိသွားပြီး တစ်ရွာတည်းနေ ဦးစိန်ကြီး နှင့် ဦးစိုးသူတို့မှာလည်း ဒဏ်ရာ အသီးသီးရရှိသွားကာ ဦးစိုးသူမှာလည်း  ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများကပြောသည်။

" ရွာကို လေယာဉ်နဲ့ ပထမတစ်ကြိမ် လာပစ်တော့ ရန်ကုန် စစ်တွေကားလမ်းအနားမှာကျတယ်။ သူတို့က အဲဒီနေရာမှာ လေယာဉ်သွားပြီအထင်နဲ့ လူတွေ ထိခိုက်မှု ရှိ/ မရှိသွားကြည့်ကြတာ။ အဲဒါကို လေယာဉ်က နောက်ထပ်တစ်ခေါက်ထပ်ပစ်တာ။ သူတို့နဲ့နီးနီးလေးမှကျလို့ ကျည်စထိပြီး ဖြစ်သွားကြတာပါ" ဟု မြောင်းဘွေဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မြောင်းဘွေကျေးရွာမှ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိသူများသည် အနီးအနားကျေးရွာများရှိ ဆေးရုံအသီးသီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

အဆိုပါမြောင်းဘွေကျေးရွာရှိ မြောင်းဘွေရဲစခန်းကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၃၀ ရက် မနက်ပိုင်းတွင် ရက္ခိုင့်တပ်တော်(အေအေ) က ထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့သည်။

လက်ရှိတွင် မြောင်းဘွေကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် လာရောက် တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ဒေသခံများမှာ အထူး စိုးရိမ်ကြောက်လန့်နေကြသည်။

ပလက်၀မြို့နယ်တွင်လည်း ယမန်နေ့ (ဇန်နဝါရီ ၁၅) ရက်  နေ့လယ် (၂) နာရီ (၃၀) မိနစ် အချိန်ခန့်က  စစ်ကောင်စီ ဂျက်ဖိုက်တာမှ လေကြောင်းကနေ  ဗုံးကြဲခဲ့သဖြင့် ကျီးလေကျေးရွာအနီးတွင် ဗုံးသီးများ ကျရောက်ပေါက်ကွဲကာ အသက် (၅) နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ် (၁) ဦး အပါအဝင် ဒေသခံအမျိုးသား (၃) ဦး ဗုံးစထိမှန် သေဆုံးခဲ့ရပြီး အမျိုးသား (၁) ဦး နှင့် အမျိုးသမီး (၂) ဦးတို့မှာလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။  (NN-8)

ဆက်စပ် သတင်းများ