တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

တောင်ကုတ်တွင် စစ်တပ်ကဖမ်းဆီးထားသည့် လူငယ်တစ်ဦး နှိပ်စက်ခံရ၍ သေဆုံး


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၆ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

(အလောင်းကို မိသားစုကအိမ်ပြန်ယူခွင့်မရ)

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်မှ လူငယ်တစ်ဦးသည် စစ်ကောင်စီတပ်က ဖမ်းဆီးထားစဉ်အတွင်း နှိပ်စက်လွန်ပြီး ယမန်နေ့ နံနက်ပိုင်းက တောင်ကုတ်မြို့ ကုတင်(၁၀၀) ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

သေဆုံးသွားသူမှာ တောင်ကုတ်မြို့နယ်၊ တပျော့ကျေးရွာမှ ကိုညီနိုင်စိုး(၁၉)နှစ်ဖြစ်သည်။

၎င်းသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်က တပျော့ကျေးရွာမှ မောင်ဆန်းမင်းနိုင်(၁၇)နှစ်၊ ဦးဝင်းရွှေ(၄၁)နှစ်တို့နှင့် အတူ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသူဖြစ်ကြသည်။ 

သူ၏ မိသားစုဝင်တစ်ဦးက" မနေ့ မနက် ၃ နာရီမှာ တောင်ကုတ်ဆေးရုံမှာ သေသွားပြီလို့ အသိတယောက်ကဖုန်းဆက်အကြောင်းကြားလာတာပါ။ ဖမ်းဆီးသွားကတည်းက ဘယ်မှာ ထားမှန်းလည်း တိတိကျကျ မသိခဲ့ရပါဘူး။အခုဆေးရုံမှာ သေပြီးခါမှမိသားစုကသိရတာပါ" ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ကိုညီနိုင်စိုး သေဆုံးသွားသည်ကို စစ်တပ်က မိသားစုကို တစ်စုံတစ်ရာအကြောင်းကြားခြင်းမရှိခဲ့သလို အလောင်းကိုလည်းပြန်ယူခွင့်လည်း မပြုခဲ့ဟု သိရသည်။

“ ကိုညီနိုင်စိုးကို ဖမ်းဆီးသွားခဲ့သည့် အချိန်ကစပြီး တရားရုံးလည်း မတင်သလို မိသားစုနဲ့ လည်း အဆက်အသွယ်ဖြတ်တောက်ထားပါတယ်။ အခုသေသွားတော့လည်း အလောင်းကို အိမ်ယူခွင့် မရပါဘူး။ အလောင်းကို ကိုယ့်အိမ်ကိုယ်ပြန်ယူသဂြိုလ်ခွင့်မရတာက အရမ်းစိတ်ထိခိုက် ရပါတယ်။ သူက ဘာရောဂါမှရှိတဲ့သူလည်း မဟုတ်ပါဘူး ”ဟု ဆက်ပြောသည်။

ဒေသအတွင်းက တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက စစ်ကောင်စီ၏ ယခုလုပ်ရပ်မှာ မင်းမဲ့တိုင်းပြည် တစ်ခု၏ အပြုအမူ လုပ်ရပ်မျိုးဖြစ်ပြီး တရားဥပဒေမှာ စစ်ကောင်စီလက်အောက်တွင်  လုံး၀ ဆိတ်သုဉ်းသွားပြီဖြစ်ကြောင်း  ဝေဖန်ပြောကြားသည်။

“ စဉ်းစားကြည့်ကြပါ။ စစ်တပ်က ဖမ်းသွားတဲ့ လူငယ်တစ်ဦးကို တရားရုံးမတင်ဘူး။ မိသားစုနဲ့လည်း အဆက်အသွယ်ဖြတ်တယ်။ စစ်ဆေးရေးမှာ လူမဆံစွာနှိပ်စက်တယ်။ သေသွားတော့လည်း မိသားစုကို အကြောင်းမကြား၊ အလောင်းကိုလည်း သဂြိုလ်ခွင့်မရ။ ဘယ်လောက်ထိ ဥပဒေမဲ့ နေသလဲ ဒီတိုင်းပြည်မှာ။ ပြောတော့ ဥပဒေကို လေးစားလိုက်နာတယ်။ လက်တွေ့မြေပြင်မှာ ဒေသခံ ပြည်သူတွေကို စစ်တပ်က ဘယ်လို အနိုင်ကျင့်နေတယ်ဆိုတာ ခုလုပ်ရပ်က သက်သေပြနေပါတယ်” ဟု ပြောကြားသည်။

၎င်းပြင် ရင်ခွဲထားပြီး စစ်ဆေးထားသည့်  ဆေးစစ်ချက်ကို မိသားစုများ ကြည့်ခွင့်မရသလို သူသေဆုံးမှုကို အသဲကင်ဆာဖြင့် သေဆုံးသွားသည်ဟု ပတ်ဝန်းကျင်တွင် ဝါဒဖြန့်ထားသည်ဟုလည်း သိရသည်။

ကိုညီနိုင်စိုးမှာ စစ်ကောင်စီတပ် မဖမ်းဆီးခင်က မည်သည့်ရောဂါအခံမျှ ရှိသူမဟုတ်ဘဲ နေထိုင်မကောင်းပင် မရှိလောက်အောင် ကျန်းမာသန်စွမ်းသူလူငယ်တစ်ဦးဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။

" သူ့မှာ(ညီနိုင်စိုး) မှာ အရင်ကဘာရောဂါမှမရှိပါဘူး။အသည်းနဲ့ ပတ်သက်တဲ့ရောဂါမပြောနဲ့။ တော်ရုံတန်ရုံနေထိုင်မကောင်းတောင် အများကြီးမဖြစ်ဖူးပါဘူး။ အခု အလောင်းကို မိသားစုကို ပြန်မပေးတဲ့ အတွက် ခုသေဆုံးမှုက သွေးရိုးသားရိုး လုံး၀မဖြစ်နိုင်ဘူး " ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် ကိုညီနိုင်စိုးကို ရဲအစောင့်အကြပ်ဖြင့် ယမန်နေ့က တောင်ကုတ်သချိုင်းတွင် သဂြိုလ်ပြီဟု သိရသည်။


ဆက်စပ် သတင်းများ