ကျောက်တော်မြို့နယ်၊ သမိုင်းဝင်မဟာမုနိကုန်းတော်ပေါ်က တပ်ဆုတ်လာသည့်စစ်ကောင်စီ စစ်ကြောင်းကို ရက္ခိုင့်တပ်တော် (AA) က ယနေ့ နံနက်က ကြားဖြတ်တိုက်ခိုက်၍ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
သရက်တပင်ကျေးရွာမှဒေသခံတစ်ဦးက "သရက်တပင် အထကကျောင်းမြောက်ဘက်မှာ ဖြစ်နေတယ်။ သရီချောင်းအကွေ့ပေါ့။ဒေသအခေါ် နဲ့ဆိုရင် ဓူဝံအိုင်နားမှာဖြစ်နေတာ။ ဓူဝံအိုင်က ရေတိုက်စားလို့ကျွန်းလိုမျိုးဖြစ်နေတာ။ အဲ့ဒီအနားမှာဖြစ်နေတယ်။ ဒီနံနက် ၅ နာရီကနေဖြစ်နေတာအခုထိဆက်ဖြစ်နေတယ်" ဟု နံနက် ၁၀ နာရီခန့်ကပြောသည်။
ကျောက်တော်မြို့နယ်ရှိမဟာမုနိဘုရားရင်ပြင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများသည် ယနေ့ဇန်နဝါရီလ၁ရရက်၊ နံနက် အရုဏ်တက်အချိန်၌မဟာမုနိဘုရားကုန်းတော်ပေါ်မှ တပ်ဆုတ် ထွက်ခွာလာခဲ့သည်ဟု သိ၇သည်။
နောက်ထပ်ဒေသခံတစ်ဦးက"ဘုရားပေါ်ကစစ်သားတွေက တပ်ဆုပ်ထွက်လာကြတာ။ အင်အား ဘယ်လောက်ရှိတယ်ဆိုတာတော့မခန့်မှန်းနိုင်ဘူး။ ညောင်ချောင်းဘက်က ကူးပြီးတော့ သရက်တပင်ရွာဘက်ရောက်လာတာနဲ့ AAတပ်တော်က ကလေးတွေနဲ့ ဖြစ်ကြတာ။ ထင်တာတော့ စခက ၉ကိုပူးပေါင်းဖို့သွားတာ ထင်တယ်" ဟု ပြောသည်။
တိုက်ပွဲမှာယနေ့နံနက် ၁၀ နာရီအချိန်ထိ ဆက်လက်ဖြစ်ပွားနေပြီးတိုက်ပွဲပြင်းထန်နေကြောင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကအကျအဆုံးများနေသဖြင့် တိုက်ပွဲဖြစ်ပွားရာ အနီးသို့ ကျောက်တော် ၃၇၆ တပ်နှင့် စခက ၉မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးလျှက်ရှိကြောင်း ဒေသခံများက ပြောသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာမှ ညီအစ်ကိုတော်စပ်သူ အမျိုးသား ၂ဦးဒဏ်ရာရရှိကြောင်း ကနဦးသတင်းရရှိသည်။
ယင်းအပြင်အနီးအနားရှိ ကျေးရွာများမှ ဒေသခံများမှာလည်း အဆိုပါတိုက်ပွဲကြောင်း ဘေးလွတ်ရာသို့ ထွက်ပြေးရှောင်တိမ်းနေရကာ အချို့မှာဗုံးခိုကျင်းများ၌ ဝင်ပုန်းနေရသည်ဟုလည်း သိ၇သည်။
တိုက်ပွဲနောက်ဆက်တွဲအခြေအနေကို ဖုန်းလိုင်းအခက်အခဲကြောင့်ဆက်သွယ်မေးမြန်း၍ မရရှိသေးပါ။ ဆက်သွယ်၍ ရရှိပါက နောက်ဆက်တွဲသတင်း တင်ပြပေးပါမည်။ (NN-12)