အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ကျောက်တော် လင့်စင်ရွာသစ်ကို စကခ(၉)က လက်နက်ကြီးဖြင့်ပစ်၍ ကလေး၂ ဦးအပါအဝင် ၆ ဦး သေဆုံး၊ ၆ဦး ဒဏ်ရာရ


  • ရေးသူ: Web Master (NN 11,NN 23)
  • | ရက်စွဲ: ၁၇ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

တိုက်ပွဲဖြစ်ပွားခြင်းတစ်စုံတစ်ရာ မရှိဘဲ ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသ လင့်စင်ရွာသစ်ကို ကျောက်တော်အခြေစိုက် စကခ(၉)မှ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးငယ် ၂ ဦး အပါအဝင် ရွာသား ၆ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူများမှာ အမျိုးသားများဖြစ်သည့်  ဦးစံသာကျော် အသက်(၇၀)ကျော်ခန့်၊  ဒေါ်ကျန်စိန် အသက်(၇၀)ကျော်၊ ဒေါ်အေးနု အသက်(၅၄)နှစ်၊ နောက်ထပ် အသက်ကြီးပိုင်း အမျိုးသမီး ၁ ဦးနှင့်  အသက် ၁၀ နှစ်ဝန်းကျင်အရွယ် ယောကျ်ား‌‌ လေး ၂ ဦးတို့ ဖြစ်ကြသည်

ယနေ့ဇန်နဝါရီလ ၁၇ ရက်၊ မွန်းလွဲ ၁၂ နာရီဝန်းကျင်က ကျောက်တော်တပ်မ စကခ(၉)မှ ပစ်ခတ် လိုက်သည့် လက်နက်ကြီးကျည်များသည်  လင့်စင်ရွာသစ်ထဲရှိ နေအိမ်များပေါ် သို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် ယခုကဲ့သို့  သေဆုံးသူများနှင့် ဒဏ်ရာရသူ များပြားခဲ့ခြင်းဖြစ်ကြောင်း  လင့်စင်‌ရွာသစ်ကျေးရွာမှ အမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" ရွာထဲကို လက်နက်ကြီးကျည် ၃လုံး ကျတယ်။ စာသင်ကျောင်းမှာ တစ်လုံးနဲ့  ရွာထဲမှာ နှစ်လုံး ကျတယ်။ ဂျက်ဖိုက်တာနဲ့ သုံးပတ် ပတ်ပြီး ပစ်တယ်။ အလောင်းကို ကောက်ဖို့ မရခဲ့ဘူး။ အိမ်တစ်ဆောင် မီးလောင် ပြာကျသွားပြီး နောက်တစ်အိမ်က ပျက်စီးသွားတယ်။ မီးလောင်သွားတဲ့ အိမ်ထဲမှာ ကျမရဲ့  ဦးလေး လင်မယား နှစ်ယောက်မီးထဲပါသွားတယ်။ သေတာ ၆ ယောက်နဲ့ ဒဏ်ရာရတာ ၆ ယောက်ပါ။ ၁၂ နှစ်‌ အရွယ်လောက် ကလေးတစ်ယောက်လည်းပါသွားတယ်။ နောက်ထပ်‌ ဒဏ်ရာရထားပြီး ဆေးကုသမှုခံယူနေရတဲ့ အသက် ၁၁ နှစ် အရွယ် ကလေးလည်း သွေးထွက်လွန်လို့ သေသွားခဲ့တယ်” ဟုပြောသည်။



ကျောက်တော်အခြေစိုက် စကခ (၉)ဖက်မှ လက်နက်ကြီးများဖြင့် လင့်စင်ရွာသစ်ကို ပစ်ခတ်ပြီး နောက်ထပ် ဂျက်လေယာဉ်များဖြင့် လာရောက် ပစ်ခတ်သဖြင့် ကျေးရွာသားများမှာ အသက်လုပြီး ထွက်ပြေး လာရသည်ဟု ၎င်းအမျိုးသမီးက ဆက်ပြောသည်။

" လက်နက်ကြီးကျည်ကျတဲ့ အသံက နှလုံးပါတုန်တယ်။ တစ်ခါမှ ကျမတို့ ရွာဖက်မှာ မကြုံဖူး။ အဝတ် တစ်ထည်ကိုယ်တစ်ခု သားသမီးတွေနဲ့ ပြေးလာရတယ်။ ကိုယ့်အမျိုးအရင်းတွေလည်း သေသွားလို့ တကယ် စိတ်မကောင်းဖြစ်ရပါတယ်" ဟုပြောသည်။

ဒဏ်ရာရရှိသူ ၆ ဦးထဲတွင် ယောက်ျားလေး ၂  ဦး၊  မိန်းခလေး ၁ ဦး၊ သက်ကြီးပိုင်း အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ဖြစ်ကြသည်ဟု သိရသည်။

ယင်းအပြင် ယနေ့ နံနက် ၇ နာရီခန့်ကလည်း စစ်ကောင်စီ၏ စကခ(၉)မှပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည် ထိမှန်၍ သရက်တပင်ကျေးရွာ၊ ရွာဟောင်းရပ်ကွက်မှ ဦးစောလှထွန်းအသက် (၅၂)နှစ်လည်း သေဆုံးသွားခဲ့ကြောင်းသိရသည်။

လတ်တလော လင့်စင်ရွာသစ်မှ ကျေးရွာသားများမှာလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဘေးလွတ်ရာသို့ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်းလည်း သိရသည်။( NN-11,23) 


ဆက်စပ် သတင်းများ