တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရှမ်းမြောက်တွင် စစ်ဘေးရှောင်ပြည်သူများအား ရက္ခိုင့်တပ်တော် တနိုင်တပိုင် ကူညီ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၈ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 754

(လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားစိတ်မရှိဘဲ အတူရပ်တည်နေကြောင်း ရက္ခိုင့်တပ်တော်ပြောဆို)

ရက္ခိုင့်တပ်တော် (AA)သည် ယခုလ ၁၆ ရက်နေ့က  ရှမ်းမြောက်တွင် စစ်ဘေးရှောင်ပြည်သူများအား ဆန်ရိက္ခာအပါဝင် တပိုင်တနိုင်ကူညီပံ့ပိုးမှုများကို ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

ရက္ခိုင့်တပ်တော်သည်  မည်သည့်နေရာ၊ မည့်သည့်ဒေသသို့ရောက်ရှိပါစေ လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားစိတ်မရှိဘဲ အတူရပ်တည်နေကြောင်း အဆိုပါတနိုင်တပိုင် ကူညီပံ့ပိုးမှုနှင့် ပတ်သက်ပြီး ယနေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


စစ်ဘေးဒဏ်နှင့်အတူ စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရသော ပြည်သူများနှင့် မိမိတို့သည် တသွေးတည်း၊ တသားတည်း အချိန်မရွေးရှိနေပါကြောင်း၊ စစ်ပွဲများကြောင့် ပြည်သူများအနေနှင့် လူမှုစီးပွားဒုက္ခအဝဝ နှင့် အခက်အခဲမျိုးစုံကြုံတွေ့ရသည်မှာ မှန်သော်လည်း ဤအခက်အခဲများကို အားလုံးစုပေါင်းရင်ဆိုင်ကြပြီး ပိုမိုကောင်းမွန်သော အနာဂတ်သို့ ရောက်ရှိအောင် အားလုံး စုစည်းရင်ဆိုင်သွားကြရန် မိမိတို့ ရက္ခိုင့်တပ်တော်မှ တိုက်တွန်းလိုက်ပါကြောင်း စသဖြင့်လည်း ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော် (AA)၏  တနိုင်တပိုင် ကူညီပံ့ပိုးမှုများကို ရှမ်းမြောက်ဒေသ၏ မူဆယ်နှင့် ၁၀၅ မိုင်အနီးတဝိုက်ရှိ စစ်ဘေးရှောင်ပြည်သူလူထုများကို ဇန်နဝါရီလ (၁၆) ရက်၊ နေ့လယ် (၁) နာရီခွဲခန့်မှ စတင်၍ ညနေ (၆) နာရီနီးပါးအထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။


ရက္ခိုင့်တပ်တော်က ညီနောင် မဟာမိတ် (၃) ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်ပြီး  စာနာစိတ်အပြည့်ဖြင့် တတ်နိုင်သည်များကို တစ်ဖွဲ့ချင်း အလိုက်သော်လည်းကောင်း၊ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့်သော်လည်းကောင်း အကောင်းဆုံးပံ့ပိုးကူညီပေးသွားပါမည်ဟု ဆက်လက်ဖော်ပြထားသည်။  

ဆက်စပ် သတင်းများ