Preview

မင်းပြားတွင် စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်း ချေမှုန်းခံရဟု သတင်းထွက်

ဇန်နဝါရီ ၂၀/ ၂၀၂၄ | ကြည့်ရှုသူ :5096
ရခိုင် သတင်း

ရခိုင်ပြည်၊ မင်းပြားမြို့တွင် ရေတပ်ဇက်ရေယာဉ်ဖြင့် စစ်ကူလာသည့်စစ်ကောင်စီစစ်ကြောင်း တစ်ခုလုံး ချေမှုန်းခံလိုက်ရပြီး အလောင်းများမှာ ရာမောင်မြစ်ထဲတွင်မျောနေကြောင်း သတင်းထွက်ပေါ်နေသည်။

မင်းပြားမြို့နှင့် အဆက်အသွယ်ရရှိသူ တစ်ဦးက “ ဒီနေ့ နေဗီနဲ့ စစ်သား ၁၀၀ လောက်ကို ကြပ်စင်တံတာနားကနေ ကုန်းပေါ်တင်တယ်လို့ကြားပါတယ်။ အဲဒါ အေအေက ကမ်းပေါ်ကနေ ဆီးကြိုတိုက်လို့ စစ်ကူလာတဲ့ စစ်ကြောင်းတစ်ခုလုံးကျသွားတယ်လို့ သိရပါတယ်။ အလောင်းတွေက ရာမောင်မြစ်ထဲမှာ မျောပါနေတယ်လို့ သိ၇ပါတယ်”ဟု ပြောကြားသည်။

 မင်းပြားတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီးလက်ကျန်စစ်သားအချို့ ပိတ်မိနေသဖြင့် စစ်ကူစစ်သားများကို ရေတပ်ဇက်ရေယာဉ်ဖြင့် ကြပ်စင်တံတားမှကုန်းပေါ်သို့ တင်ဆောင်စဉ် အေအေက ဝိုင်းဝန်းပိတ်ဆို့ကာ ချေမှုန်းခဲ့သည်ဟု သိ၇သည်။

လက်ရှိ ကျိန်းတောင်နှင့် တပ်ရင်း ၃၈၀ မှာ ရက္ခိုင့်တပ်တော်ကသိမ်းပိုက်ထားသည်မှာ သေချာကြောင်း၊ ၅၄၁ တပ်ရင်းလည်း သိမ်းပိုက်လိုက်ပြီဟု ကြားသိ၇ကြောင်း၊ကျန်နေသည့် စစ်သားများမှာ ၃၈၀ တပ်ရင်းနှင့် ၅၄၁ တပ်ရင်းအကြား ၃၇၉ တွင် စုပြီး ခုခံနေသည်ဟုကြားသိ၇ကြောင်း ၎င်းက ပြောကြားသည်။

“ အစ ကျွန်တော်ကြားတာက ၅၄၁ တပ်ရင်းတစ်ရင်းဘဲကျန်တယ်လို့ကြားတယ်။အခုက ၅၄၁ တပ်ရင်းလည်းကျသွားပြီ။ တပ်ရင်း နှစ်ရင်းကြားက  ၃၇၉ တပ်ရင်းမှာဘဲ ကျန်တဲ့စစ်သားတွေ စုပြီး ခုခံနေကြတယ်လို့ကြားပါတယ်။ ဒါပေမယ့် သိပ်များများစားစား မကျန်တော့ဘူးလို့ကြားတယ်”ဟု ပြောဆိုသည်။

လက်ရှိ ၃၇၉ တပ်ရင်းတွင် စစ်သားအချို့ လက်နက်မချဘဲ ခုခံနေကြောင်းဒေသခံများအကြား ပြောဆိုနေကြသော်လည်း နိရဉ္စရာသတင်းဌာန အနေဖြင့် ဖုန်းဆက်သွယ်ရေးများပြတ်တောက်နေသဖြင့် အခြေအနေ အသေးစိတ်ကို စုံစမ်းရန် ခက်ခဲနေဆဲဖြစ်ပါသည်။

ယနေ့ ဇန်နဝါရီ ၂၀ နေ့တွင် သေနတ်သံများမကြားရသလို လေယာဉ်များဖြင့်လာရောက်ပစ်ခတ်မှု မရှိ၍ အခြေအနေ ငြိမ်သက်နေကြောင်း သိ၇သည်။

ထို့အပြင်မင်းပြားမြို့မှ စစ်ကောင်စီတပ်သားအများစုမှာလည်း ရက္ခိုင့်တပ်တော်(AA)ထံယမန်နေ့က လက်နက်ချခဲ့ပြီး ယနေ့တွင် လေယာဥ်နှင့် လာပစ်သံမကြားတော့ဟုမင်းပြားမြို့ခံတစ်ဦးကပြောသည်။

မနေ့က ကား ၂ စီး ၃စီးနဲ့ စစ်သားတွေကို ကိုယ့်လူတွေက ခေါ်သွားတယ်ကြားတယ်။ အလင်းဝင်တဲ့သဘောပေါ့။ဘယ်တပ်ရင်းလဲတော့ လိုင်းပြတ်သွားလို့ အဆက်အသွယ်မ၇တော့ဘူး။အခုတော့ မင်းပြားမှာ စစ်သားအနည်းအကျည်းလောက်ကျန်တော့တယ်ကြားတယ်။သူတို့ တွင်းထဲဝင်နေတယ် ပြောကြတယ်ဟုပြောသည်။

ရခိုင်ပြည်ရှိ မင်းပြားမြို့နယ်တွင် ယခင်တပ်စွဲထားသည့် တောင်ဖြူတောင်၊ပန်းမြောင်း အောင်မင်္ဂလာတောင်မှ စစ်သားများသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့တွင်စခန်းထွက်ခွာသွားခဲ့ကြပြီ  ရာမောင်းတံတားအနီးသချိုင်းတောင်တွင် တပ်စွဲထားသည့် စစ်သားများသည်လည်း  ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ရနာရီခန့်က စခန်းကိုစွန့်ခွာခဲ့စဉ်  ရက္ခိုင့်တပ်တော်(AA)နှင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိ၇သည်။ 

၎င်းနောက် မင်းပြားမြို့ပေါ်တွင် ခမ၇ ၃၈၀၊ ၅၄၁၊ ၃၇၉ တပ်ရင်း၃ ရင်းနှင့် ကျိန်းတောင်ပေါ်စခန်းတို့သာ ကျန်ရှိပြီး လက်ရှိ ကျိန်းတောင်စခန်းနှင့် တပ်ရင်း၂ ခုကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားပြီဟု ခိုင်လုံသည့် စစ်ရေး သတင်းရင်းမြစ်များကနိရဉ္စရာသတင်းဌာနကို ပြောဆိုထားသည်။

မင်းပြားမြို့ပေါ် အခြေစိုက် တပ်ရင်းများကို ရက္ခိုင့်တပ်တော်ဇန်နဝါရီ ၁၀ ရက်နေ့ကနေ စတင်တိုက်ခိုက်ခဲ့ပြီး ၎င်းတိုက်ပွဲစတင်သည့်နေ့မှ စကာ စစ်ကောင်စီကကြည်း၊ရေ၊ လေ သုံးခုပေါင်းကာ မင်းပြားမြို့ မကျစေရန် ခုခံကာကွယ်နေခဲ့ပြီး မြို့ပေါ်လူနေရပ်ကွက်များကိုလေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သဖြင့် သောင်းနှင့်ချီပြီးပြည်သူများအိုးအိမ်များကို စွန့်ခွာကာ ထွက်ပြေးခဲ့ရသည်ဟု သိ၇သည်။

ဇန်နဝါရီလ၁၈ ရက် မွန်းလွဲ ၁၁ နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်က မင်းပြားမြို့၊ဦးစိုးတင့် ရပ်ကွက်ကိုဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် အသက် ၃၂ နှစ် အရွယ်ကိုသန်းအောင်သည် နေအိမ်၌ပင် သေဆုံးခဲ့ရပြီး ယင်းရပ်ကွက်မှ နေအိမ်(၂၀) ခန့် ပျက်စီးသွားခဲ့သည်။ 

ယင်းအပြင် ၎င်းနေ့ နေ့လယ် ၂ နာရီခွဲအချိန်တွင်ရဟတ်ယာဥ်ဖြင့် ထပ်မံဗုံးလာကြဲစဥ် သဲတန်းရပ်ကွက်  KTV အနီးကို ပေါင် ၅၀၀ဗုံးကျရောက်ကာ အသက် (၅၀) ခန့်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိပြီးနေအိမ်များလည်း ပျက်စီးသွားကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

၇ခိုင်စစ်ပွဲ စတင်ခဲ့သည့် နိုဝင်ဘာ ၁၃ ရက်မှ ဇန်နဝါရီ ၁၃ရက်နေ့အထိ (၂) လတာအတွင်း  မင်းပြားမြို့နယ်တွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး  သေဆုံးခဲ့၇သူ(၁၄) ဦးနှင့် ဒဏ်ရာ၇သူ (၆၁)ဦးရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏လူသားချင်း စာနာ ထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး HDCOကယနေ့ ဇန်နဝါရီ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ပုံစာ - လေယာဉ်ဖြင့် ဗုံးကြဲ၍ မင်းပြားမြို့ပေါ်မှ နေအိမ်တစ်လုံး မီးလောင်နေသည်ကို တွေ့၇စဉ် (ဓာတ်ပုံ- မူရင်းရိုက်ကူးသူ)

#မင်းပြား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.