တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော်(AA) သိမ်းပိုက်


  • ရေးသူ: Web Master (NN 03)
  • | ရက်စွဲ: ၂၀ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 6.2k

တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေခဲ့သည့် ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော်(AA) က သိမ်းပိုက်လိုက်ပြီဖြစ်သည်ဟု သိရသည်။

ယမန်နေ့ ဇန်နဝါရီ ၁၉ ရက်က ‌ပေါက်တောမြို့ပေါ်မှ စစ်သားများကို တပ်ဆုတ်ရန်အတွက် စစ်ကောင်စီ နေဗီ ဇက်ရေယာဉ်ဖြင့် လာခေါ်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်က  ကုန်းပေါ်မှ ဆီးကာ တိုက်ခိုက်ခဲ့သည့် အတွက် ကမ်းကပ်ခွင့်မရဘဲ စစ်သားအများအပြား သေဆုံးခဲ့ကာ စစ်သားအင်အား ၇၀ ခန့် လက်နက်ချခဲ့သည်ဟု သတင်းရင်းမြစ် တစ်ဦးကပြောသည်။

“ မနေ့က နေ့ခင်းပိုင်းကတည်းက သူတို့က တပ်ဆုတ်တာ။ ဇက်နဲ့လာခေါ်တယ်။ ဇက်ကလည်း ကမ်းကပ်လို့မရဘူး။ အေအေကလည်း အပေါ်စီးပစ်ထားတယ်။ ညဥ့်အချိန်မှာတော့ တအား အကြီးအကျယ် ဖြစ်ကြတာ။ ကမ်းနားဘက်မှာ စစ်သားအလောင်းတွေ ပုံနေတယ်ကြားတယ်။ နောက်ဆုံး မနိုင်လို့ မနက် အရုဏ်ပိုင်းလောက်မှာ အင်အား ၇၀ လောက် လက်နက်ချတယ် ကြားတယ်” ဟု ပြောဆိုသည်။

အဆိုပါ စစ်သား အင်အား ၇၀ ခန့် လက်နက်ချသည့် အထဲတွင် ရုရှားမှ စနိုက်ပါ ၂ ဦးလည်း ပါဝင်သည်ဟု ဒေသအတွင်း သတင်းများထွက်ပေါ်နေသော်လည်း နိရဉ္စရာသတင်းဌာန အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။

စစ်တွေဒေသခံတစ်ဦးကလည်း“ ဖမ်းရတဲ့ စစ်သားတွေကိုတောင် ချောင်းတွေ မြောင်းတွေက လိုက်ဖမ်းထားရတာကြားတယ်။ ဖရိုဖရဲ ထွက်ပြေးကြလို့” ဟုပြောသည်။

ယမန်နေ့က ပေါက်တောမြို့ မကျဆုံးစေရေးအတွက် စစ်ကောင်စီသည် စစ်ရဟတ်ယာဥ်၊ ဂျက်လေယာဉ်၊ စစ်နေဗီများနှင့် နေ့ရောညပါ ခုခံခဲ့သော်လည်း ပေါက်တောမြို့ကို လက်လွတ်ခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

ယနေ့ နံနက် အစောကြီး ညဉ့် ၂ နာရီအချိန်ခန့်က လက်နက်ကြီး၊ လက်နက်ငယ် အပြန်အလှန် ပစ်ခတ်သံများကို ကြားခဲ့ကြရပြီး နံနက် ၄ နာရီခန့်တွင် စစ်တွေ အမှတ် ၁၂ ရဲတပ်ရင်းမှ လက်နက်ကြီးများ ပေါက်တောဘက်ကို ပစ်ကူပေးခဲ့သည်ဟု စစ်တွေမြို့ခံတစ်‌ဦးကပြောသည်။

“ညတုန်းက ထောက်ပို့လေယာဥ်ပျံသံကြားလိုက်တယ်။ ဒရုန်းတွေလည်း ပျံတယ်။ တအား ဆူညံသံ ကြားလိုက်တယ်။ မနက်ပိုင်းတော့ ငြိမ်နေတယ်” ဟုဆိုသည်။

ယမန်နေ့ ဇန်နဝါရီ ၁၉ ရက်က ပေါက်တောမြိုတွင်းနှင့် အနီးဝန်းကျင်ရှိ တိုက်ပွဲမှာ ပြင်းထန်နေခဲ့ဟု သိရသည်။

ယခု ပေါက်တောမြို့ကို သိမ်းပိုက်သည့် ကိစ္စ အပါအဝင် ရုရှားစနိုက်ပါသမား နှစ်ဦး ဖမ်းဆီးမိသည်ဆိုသော သတင်းများနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရန် ရက္ခိုင့်တပ်တော်ပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ်နေဆဲဖြစ်ပြီး ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။

ကျောက်တော်အခြေစိုက် အမတ (၃၇၇) အမြောက်တပ်ရင်းကို ရက္ခိုင့်တပ်တော် သိမ်းပိုက်စဉ်ကလည်း ရုရှားပညာရှင်တစ်ဦးကို ဖမ်းမိသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း နိရဉ္စရာသတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါ။( NN-3)

ပုံစာ- ပုံဟောင်းသာ

ဆက်စပ် သတင်းများ