သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

သံတွဲတွင် AA စစ်သည်တယောက်ဖြစ်စေ ရွာထဲရောက်သည်ဟု သတင်းကြားပါက ရွာကို အမှုန့်ကြိတ်ပစ်မည်ဟု ရေတပ်ဗိုလ်မှူးတစ်ဦး ခြိမ်းခြောက်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၀ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.2k

ရခိုင်ပြည်၊ သံတွဲမြို့နယ်ထဲမှ ကျေးရွာများတွင် ရက္ခိုင့်တပ်တော် AA စစ်သည်တော် တဦးတယောက်ဖြစ်စေ လာရောက်ပုန်းခိုနေသည့် သတင်းရရှိပါက ရွာကိုအမှုန့်ကြိတ်ပစ်မည်ဟု ရေတပ်ဗိုလ်မှူးအဆင့်ရှိသူက အုပ်ချုပ်ရေးမှူးအစည်းအဝေးတွင် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။

ယခုဇန်နဝါရီလ ၁၅ ရက်က ပြုလုပ်ခဲ့သည့်သံတွဲမြို့ နယ် အထွေထွေအုပ်ချုပ်ရေး လပတ် အစည်းအဝေးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ရေတပ်ဗိုလ်မှူးအဆင့်ရှိသူက ပြောဆိုကြိမ်းဝါးခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး၏ပြောပြချက်အရသိရသည်။

" ရွာကို AA တပ်ဖွဲ့ဝင်တယောက်ပဲဖြစ်ဖြစ် ရောက်နေတဲ့သတင်းကြားတာနဲ့ ရွာကို အမှုန့်ကြိတ်ပစ်မယ်လို့ ပြောပါတယ်။ ရေတပ်ဗိုလ်မှူးအဆင့်ရှိတဲ့သူက အုပ်ချုပ်ရေးအစည်းအဝေးမှာ ပြောတာပါ" ဟု သူကပြောသည်။

ထိုသို့ကြိမ်းဝါးပြောဆိုရာတွင် AA တပ်ဖွဲ့ဝင်တဦးသို့မဟုတ် တပ်ဖွဲ့ဝင်များ ရောက်ရှိသည့် သတင်းကြားသည်နှင့် သတင်းမှန်၊ မမှန်အတည်ပြုမည်မဟုတ်ဘဲ ရွာကိုအမှုန့်ကြိတ်ပစ်မည်ဟုလည်း ပြောဆိုခဲ့ကြောင်းလည်း သိရသည်။

" AA ကလူတွေ ရောက်တယ်လို့သတင်းကြားတာနဲ့ သတင်းမှန်တာ၊ မမှန်တာဂရုမစိုက်ဘူး။ ရွာကိုအမှုန့်ကြိတ်ပစ်မယ်လို့ ပြောပါတယ်" ဟု အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။

ယခုကဲ့သို့ ကျေးရွာများအပေါ် ဦးတည်၍ခြိမ်းခြောက်မှုမှာ တရားဥပဒေလက်ဝယ်မရှိတော့သည့် စစ်အာဏာရှင်လုပ်ရပ်ကို ထုတ်ပြနေခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ရန်ပြောဆိုခြင်းပင် ဖြစ်ကြောင်း သံတွဲမြို့နယ်၊ ဒေသခံလူငယ်တစ်ဦးက နိရဥ္စရာသို့ပြောသည်။

" ဘာမှမဆိုင်တဲ့ ကျေးရွာတွေကိုအခုလိုခြိမ်းခြောက်တာက တရားဥပဒေဆိုတာလုံးဝမရှိတော့တဲ့ စစ်အာဏာရှင်ရဲ့ အကြမ်းဖက်လုပ်ရပ်ကိုထုတ်ပြတာဖြစ်တယ်ဗျ။ ပြီးတော့ ရခိုင်မြို့ကြီးတွေ၊ ရွာတွေကိုကျူးလွန်ခဲ့သလို စစ်ရာဇဝတ်မှုမျိုးကျူးလွန်ပြမယ်လို့ ပြောဆိုခြိမ်းခြောက်တာလည်း ဖြစ်တယ်" ဟု သူကပြောသည်။

ယခုတကြိမ်ရခိုင်စစ်ပွဲသည် ရခိုင်တပြည်လုံးက စစ်ကောင်စီထိန်းချုပ်နယ်မြေများကို AA က ထိုးစစ်ဆင်သိမ်းပိုက်မည့် လွတ်မြောက်ရေး စစ်ပွဲဖြစ်ပြီး သံတွဲအပါအဝင်ရခိုင်တပြည်လုံးတွင် တိုက်ပွဲနေရာကျယ်ပြန့်လာနိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်သည်။

ရခိုင်စစ်ပွဲအတွင်း မြို့ကြီးတချို့နှင့် ဗျူဟာတပ်ရင်းစခန်းအမြောက်အများ သိမ်းပိုက်ခံထားရသည့် စစ်ကောင်စီသည် AA ၏ထိုးစစ်ကိုမခုခံနိုင်သရွေ့ ပြည်သူကိုသာအဓိကဦးတည် တိုက်ခိုက်နေဦးမည် ဖြစ်ကြောင်းလည်း ရခိုင်စစ်ရေးလေ့လာသူများနှင့် တက်ကြွလှုပ်ရှားသူများကသုံးသပ်ကြသည်။

ရခိုင်တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ ယခု ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၃ ရက်အထိ စစ်ကောင်စီ၏ လေယာဉ်၊နေဗီနှင့်၊ လက်နက်ကြီးငယ်များဖြင့်ပစ်ခတ်ခံရ၍ သေဆုံးခဲ့သည့်အရပ်သား ၈၁ ဦးခန့်ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၂၆၀ ဦးခန့်ရှိပြီဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က ဇန်နဝါရီလ ၁၈ ရက်က ထုတ်ပြန်သည်။ အလားတူ ရခိုင်တိုက်ပွဲသုံးလတာကလအတွင်း စစ်ကောင်စီက အပြစ်မဲ့အရပ်သားပြည်သူ ၂၇၇ ဦးအထိဖမ်းဆီးထားပြီး ယင်းအထဲတွင် ကလေးသူငယ်၊ အမျိုးသမီး၊တက္ကသိုလ်ကျောင်းသူ/သားများနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်ကြောင်း သိရသည်။(NN-23)

ဆက်စပ် သတင်းများ