သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ရက္ခိုင့်တပ်တော်က ကျောက်ဖြူ ဓညဝတီရေတပ်ဌာနချုပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၂ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.4k

(စခန်းထဲကျရောက်ပေါက်ကွဲ၍ ထိခိုက်မှုများရှိနေကြောင်း သတင်းထွက်နေ)

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ရှိ စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်ကို ရက္ခိုင့်တပ်တော်(AA) က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ ဇန်နဝါရီလ ၂၂ ရက်၊ နံနက်ပိုင်းက AA က ဓညဝတီရေတပ်ဌာနချုပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် (၁၀) ကြိမ်ထက် မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဓညဝတီရေတပ်ဌာနချုပ် စခန်းဝင်းထဲ ကျရောက် ပေါက်ကွဲပြီး ထိခိုက် သေဆုံးမှုများ ရှိနေကြောင်း သတင်းထွက်ပေါ်နေသည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။

" တပ်တော်ဘက်က ရေတပ်စခန်းကို လက်နက်ကြီးနဲ့ ပစ်တယ်လို့သိရပါတယ်။ လက်နက်ကြီး၊ ရှော့တိုက်ဒုံးနဲ့ ဆယ်ကြိမ်လောက်ပစ်တယ်လို့ သိရတယ်။ ရေတပ်စခန်းထဲ AA ဘက်က ပစ်တာတွေ ကျကွဲတယ်လို့သိရတယ်။ အထိအခိုက်အသေဆုံးရှိတယ်လို့ ကြားရပါတယ်။ အရေအတွက် ဘယ်လောက်ဆိုတာတော့မသိရသေးဘူး " ဟု ကျောက်ဖြူဒေသခံတစ်ဦးက​ နိရဥ္စရာသို့ပြောသည်။

AA က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် သစ်ပုတ်တောင်စခန်းအောက်ဘက် မြစ်ထဲမှ စစ်ကောင်စီနေဗီမှ လက်နက်ကြီး ပြန်လည် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ စည်မော်ရွာ ရေကန်အနီး လက်နက်ကြီး ကျည်နှစ်လုံး ကျရောက်ခဲ့ကြောင်း သိရသည်။

" ရေတပ်စခန်းကို AA ဘက်က လက်နက်ကြီးနဲ့ပစ် ခတ်တယ်။ သစ်ပုတ်တောင်အောက်ဘက်မှာ မြစ်ထဲမှာချထားတဲ့ နေဗီက လက်နက်ကြီးနဲ့ ပြန်ပစ်တာ ၆ ချက်လောက်ရှိနေပြီ။ လက်နက်ကြီး ကျည်နှစ်လုံးက စည်မော်ရွာနားနဲ့ ရေကန်နားမှာ ကျကွဲတယ်။ အရပ်သား အထိအခိုက်တော့ မရှိဘူးလို့ သိရတယ်ဗျ" ဟု ယနေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်ဆက်သွယ်မေးမြန်းစဉ်  ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

AA ပစ်ခတ်သည့်ရှော့တိုက်ဒုံးများမှာ ရေတပ်စခန်းထဲ ကျရောက်ပေါက်ကွဲမှုရှိသော်လည်း ထိခိုက်  သေဆုံး ပျက်စီးမှုရှိ/ မရှိကို နိရဉ္စရာသတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပါ။

ဇန်နဝါရီလ ၈ ရက် ၊ မနက်(၆) နာရီအချိန်ကလည်း ဓညဝတီရေတပ်စခန်းကို ရက္ခိုင့်တပ်တော်က ရှော့တိုက်ဒုံးဖြင့် ပထမဆုံး အကြိမ်  ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းလည်း ညီနောင်မဟာမိတ်သုံးဖွဲ့ စစ်ရေးသတင်းနှင့် အတူထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီလ ၈ ရက်က ပစ်ခတ်တိုက်ခိုက်မှုအတွင်း သံဇစ်မြစ်အတွင်းရှိနေဗီများမှ လက်နက်ကြီး ပြန်လည်ပစ်ခတ်မှုကြောင့် ရေတပ်စခန်း ဝန်းကျင်ရှိ ကျေးရွာများအနီးကျရောက်ပေါက်ကွဲခဲ့သည်။

ဓညဝတီရေတပ်စခန်းသည် တရုတ်နိုင်ငံ၏ "ရွှေ" ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း တည်ရှိ မဒေးကျွန်းအနီးတွင်တည်ရှိပြီး နိုင်ငံတကာ ရေနံတင်သင်္ဘောကြီးများသည် ၎င်းရေတပ်ရှေ့ မြစ်ထဲမှ ဖြတ်သန်းဝင်ထွက်သွားလာရသည်ဟု သိရသည်။

၎င်းဓည၀တီရေတပ်စခန်းသည် ကျောက်ဖြူဆိပ်ကမ်းနှင့် ၅ မိုင်ခန့်အကွာတွင် တည်ရှိကြောင်း သိရသည်။(NN-23)

ဆက်စပ် သတင်းများ