Preview

ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦးနှင့် မင်းပြားနောက်ဆုံးရ တိုက်ပွဲသတင်းများ

ဇန်နဝါရီ ၂၂/ ၂၀၂၄ | ကြည့်ရှုသူ :13055
ရခိုင် သတင်း

ရက္ခိုင့်တပ်တော်( AA )နှင့်အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား ၇ခိုင်ပြည်မှ မြို့နယ် ၆ ခုတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး ၎င်းမြို့နယ်များမှာ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များ ဖြစ်ကြသည်။

ထိုမြို့များအထဲမှ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ရသေ့တောင်တို့တွင် ဖြစ်ပွားနေသော တိုက်ပွဲသတင်းများကို၇သလောက်စုဆောင်းတင်ပြလိုက်ပါသည်။

၇သေ့တောင်မြို့တိုက်ပွဲ

ရသေ့တောင်မြို့တွင် ခမ၇ ၅၃၆၊ ၅၃၇ နှင့် ၅၃၈ တပ်ရင်း ၃ ရင်းရှိပြီးမြို့ပြင် စည်ကားတောင်အနီးတွင် တည်ရှိသည့်တပ်ရင်းမှာ ၅၃၇ တပ်ရင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ ရက္ခိုင့်တပ်တော်မှရသေ့တောင်မြို့မြောက်ဘက်ရှိ  ခနောင်းကြီးနှင့်ကံပြင်ကျေးရွာ အနီးရှိ ၅၃၆ တပ်ရင်းကို စတင် ဝင်ရောက်တိုက်ခိုက်သည်ဟု သိရသည်။ တိုက်ပွဲမှာယမန်နေ့ ညကစပြီး ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သိ၇သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားသဖြင့် ခနောင်းကြီး၊ ကံပြင်၊ ရွာသစ်ကေစသည့် ကျေးရွာများမှ ရွာသားများအားလုံးမှာ ယမန်နေ့ကတည်းက ရွာကို စွန့်ခွာထွက်ပြေးသွားကြသည်ဟုသိ၇သည်။

ယမန်နေ့ဇန်နဝါရီ ၂၁ရက်နေ့က စစ်ကောင်စီ၏ ခမ၇ ၅၃၆၊ ၅၃၈တပ်ရင်းနှင့် နေဗီမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့မှုကြောင့် ရွာသစ်ကေ၊ သောင်းဒြားနှင့် ခနောင်းကြီး ကျေးရွာများဖက်သို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တစ်ချို့ မီးလောင်ပျက်စီးသွားခဲ့သည်ဟု ရသေ့တောင်ဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

ရသေ့တောင်မြို့သူ မြို့သားများအားလုံးမှာလည်း တိုက်ပွဲမဖြစ်ခင်ကတည်းကဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပြီး မြို့မရဲစခန်းမှာလည်း စခန်းကို စွန့်ခွာသွားကြသည်မှာကြာပြီဟု ဒေသခံတစ်ဦးက ပြောသည်။



ကျောက်တော်မြို့တိုက်ပွဲ

ကျောက်တော်တွင် အမှတ် (၉) စစ်ဗျူဟာကွပ်ကဲမှုဌာနချုပ်၊  ခမ၇ (၃၇၄)၊ (၃၇၅) နှင့်(၃၇၆) တပ်ရင်းတို့အခြေစိုက်ထားသည်။ ၎င်းစစ်စခန်းများအထဲက ၃၇၄ နှင့်၃၇၆ တပ်ရင်းများကို ရက္ခိုင့်တပ်တော်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီး လက်ရှိ အာရက္ခစစ်သည်တော်များမှာကစ္စပနဒီတံတားအနီးတည်ရှိသည့် တပ်ရင်း ၃၇၄ တပ်ရင်းထဲသို့ ဝင်ရောက်သွားပြီဖြစ်ကာ ချေမှုန်းရေးတိုက်ပွဲကိုဆင်နွှဲနေကြောင်း သိရှိ၇သည်။

အနီးကပ်တိုက်ပွဲဖြစ်သဖြင့် လက်နက်ကြီးများလည်း အသုံးပြု၍မရတော့ရာမှ စစ်ကောင်စီတပ်မှ အထိအခိုက်အကျဆုံးများစွာရှိနေကြောင်း သိ၇သည်။

မြောက်ဦးမြို့တိုက်ပွဲ

မြောက်ဦးအခြေစိုက် ခမ၇ ၃ရ၇၊၃၇၈ နှင့် ၅၄၀ တပ်ရင်းတို့ရှိပြီး၅၄၀ တပ်ရင်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ပြီဖြစ်ကာ ၎င်းတပ်ရင်းမှ စစ်သားများမှာဘောင်းဒွဒ်ဘက်ရှိတပ်ရင်း ၃ရ၇၊၃၇၈ သို့ သွားရောက်ပူးပေါင်းသွားကြသည်ဟု သိရသည်။ တိုက်ပွဲများမှာအနီးကပ်ဖြစ်နေသဖြင့် စစ်ကောင်စီတပ်များအနေဖြင့် အမြောက်များကို အသုံးပြု၍ မရတော့ရာမှအေအေ၏ ထိုးစစ်ဆင်  တိုက်ခိုက်မှုကို အလူးအလဲခံနေရသည်ဟု သိ၇သည်။

ကျန်ရှိနေသည့် ၎င်း  ခမ၇၃ရ၇၊ ၃၇၈ တပ်ရင်း နှစ်ရင်းကိုရက္ခိုင့်တပ်တော်က ဝိုင်းထားသည်ဟု သိရသည်။ များမကြာမီ ရိက္ခာအခက်အခဲများ ကျရောက်နိုင်သည်ဟုခန့်မှန်းထားကြသည်။


မင်းပြားမြို့တိုက်ပွဲ 

မင်းပြားအခြေစိုက် စစ်ကောင်စီတပ်ရင်းများမှာ ၃၇၉ ၊ ၃၈၀၊ ၅၄၁ နှင့်  ကျိန်းတောင်ပေါ်စခန်းတို့ဖြစ်ကြသည်။ ၎င်းတပ်ရင်း ၃ ရင်းအထဲက ၃၈၀၊ ၅၄၁ နှင့် ကျိန်းတောင်ပေါ်ကအမြောက်စခန်းတို့ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ပြီဟု သိရသည်။  တပ်ရင်း ၃၇၉တွင် အနည်းငယ် ကျန်ရှိနေပြီး စစ်ကူလာသည့် စစ်ကောင်စီ စစ်သား ၁၀၀ ခန့်ထဲမှ ၃၀ ခန့်မှာအဆိုပါ တပ်ရင်းသို့ ရောက်ရှိသွားပြီး ပူးပေါင်း ခုခံကာကွယ်နေသည်ဟု သိ၇သည်။

နောက်ဆုံးရရှိသော သတင်းအရ ယနေ့နံနက်ကလည်း လေယာဉ်ဖြင့် ငတန်ပျင်းကျေးရွာဘက်ကိုဗုံးကြဲချခဲ့သည်ဟု သိရသည်။ ခမ၇ ၃၇၉ တပ်ရင်းတွင် ဗျူဟာမှူးအပါအဝင် အရာရှိကြီးများ ပိတ်မိနေကာထွက်ပေါက်မရဖြစ်နေ၍ လေယာဉ်ဖြင့် အနီးအနားနေရာများကို ပစ်ခတ်မှုများ ပြုလုပ်နေကြောင်းသိရသည်။ ယနေ့ မင်းပြားသို့ စစ်ကူတက်လာသည့် ဇက်ရေယာဉ်မှ စစ်သားများကို ကျွဲရည်ပြင်မှကုန်းပေါ်သို့ တင်နေကြောင်း သတင်းရရှိသည်။

ပေါက်တောမြို့တိုက်ပွဲ

ပေါက်တောမြို့ကို မီးလောင်တိုက်သွင်းပြီးနောက် စစ်ကောင်စီတပ်သားများသည်အကျအဆုံးများစွာဖြင့် မြို့ကို စွန့်ခွာသွားကြပြီဟု သိ၇သည်။

#ကျောက်တော်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.