သောကြာ၊ မေလ ၂၄ရက်၊ ၂၀၂၄

AA ကပစ်ခတ်သည့် ရှော့တိုက်ဒုံး ၄ လုံး လက်နက်ခဲယမ်းတပ်ထဲ ကျရောက်ပေါက်ကွဲ၍ ဓညဝတီရေတပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ်သက်လွင်ထွန်း ထွက်ပြေးခဲ့ရဟု သတင်းထွက်နေ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၃ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 9.9k

ရက္ခိုင့်တပ်တော် (AA)က ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ရှော့တိုက်ဒုံးများအထဲမှ ၄ လုံးသည်  ဓညဝတီ ရေတပ်ဌာနချုပ်မှ အမှတ်(၁၃) လက်နက် ခဲယမ်းတပ်ထဲကို ကျရောက်ပေါက်ကွဲခဲ့၍ ဓညဝတီရေတပ်ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သက်လွင်ထွန်း ထွက်ပြေးသွားခဲ့ရကြောင်း သတင်းများ ထွက်ပေါ်နေသည်။

" ဒီနေ့က မနက်ပိုင်းမှာ အေအေက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်တော့ အများအပြား ရေတပ်ထဲ ကျရောက်ပေါက်ကွဲခဲ့တယ်။  ရေတပ်ဌာနချုပ်ရဲ့ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်သက်လွင်ထွန်း အုန်းဂျိန်တပ် ဘက်ကို ထွက်ပြေးသွားခဲ့ရတယ်လို့ ကြားထားရတယ်ဗျ " ဟု  ကျောက်ဖြူဒေသခံ စစ်ရေးလေ့လာသူ လူငယ်တစ်ဦးက ပြောသည်။

ယနေ့ဇန်နဝါရီလ ၂၂ ရက်၊ မနက် ၇ နာရီလောက်က ကျောက်ဖြူမြို့နှင့် ၅ မိုင်ခန့်အကွာ သစ်ပုတ်တောင်ရှိ ဓညဝတီရေတပ်ဌာနချုပ်ကို ရက္ခိုင့်တပ်တော်(AA)က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုအထဲက ရှော့တိုက်ဒုံး ၄ လုံးမှာ အမှတ်(၁၃) လက်နက်ခဲယမ်းတပ်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး အပျက်အစီးများရှိခဲ့သည်ဟု သိရသည်။

နောက်ထပ် ကျောက်ဖြူဒေသခံတစ်ဦးက " ရှော့တိုက်ဒုံးတွေနဲ့ပစ်တာမှာ လေးလုံးက အမှတ် (၁၃)တပ် ထဲ ကျကွဲတယ်။ အထိအခိုက်အပျက်စီးတွေ ရှိတယ်လို့ သိရတယ်။ သေဆုံးမှုအခြေအနေတော့ သေချာမသိရဘူး။ အမှတ် (၁၃) တပ်က လက်နက်ခဲယမ်းမီးကျောက်တပ်ပါ။ အဲဒီမှာ ကွဲတယ်လို့ ကြားရတယ် " ဟု ပြောသည်။


ဓညဝတီရေတပ်ဌာနချုပ်တွင် ဌာနချုပ်မှူးမှာ ဗိုလ်မှူးချုပ်သက်လွင်ထွန်းဖြစ်ပြီး ဒုဌာနချုပ်မှူးမှာ ဗိုလ်မှူးကြီးမြတ်မင်းဦး ဖြစ်ကြောင်း နိရဥ္စရာကစုံစမ်းသိရှိရသည်။

အဆိုပါဓညဝတီရေတပ်ဌာနချုပ်တွင် အမှတ်(၁၄) အုပ်ချုပ်ရေးတပ်(ဌာနချုပ်)၊အမှတ်(၁၇) ရေတပ် လေ့ကျင့်ရေးတပ်၊ အမှတ်(၁၃) လက်နက်ခဲယမ်းမီး ကျောက်တပ်၊ အမှတ်(၁၂) ဆက်သွယ်ရေးတပ်၊ အမှတ်(၁၁) မော်တော်ယာဥ်တပ်၊ အမှတ်(၁၅) ရေတပ်စက်မှုလက်မှု အင်ဂျင်နီယာတပ်၊ အမှတ်(၁၆) စစ်ရေယာဥ်စုတပ်အပါအဝင် တပ်ပေါင်း ၁၇ ခုရှိပြီး အဆိုပါအထဲမှ အမှတ်(၁၇) ရေတပ်လေ့ကျင့်ရေး တပ်မှာ စစ်သည်အင်အားအများဆုံးဖြစ်ကြောင်း နိရဉ္စရာသတင်းဌာနက စုံစမ်းသိရှိရသည်။

ရေတပ်ဌာနချုပ်ထဲမှ တပ်မိသားစုဝင်များကို ရခိုင်တိုက်ပွဲစတင်ကတည်းက ကျောက်ဖြူ၊ ရန်ကုန်၊ နေပြည်တော်မြို့များသို့ ပြောင်းရွှေ့ထားကြောင်း  ဒေသခံများ၏ပြောပြချက်အရသိရသည်။

ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ “ဓညဝတီရေတပ်ဌာနချုပ်စခန်း” အား ရက္ခိုင့်တပ်တော်က တိုက်ခိုက်ခြင်းနှင့် ပတ်သက်ပြီး ညီနောင် ၃ ဖွဲ့မှလည်း ယနေ့ညနေပိုင်းက သတင်းထုတ်ပြန်သည်။

သတင်းထုတ်ပြန်ရာတွင်  ရက္ခိုင့်တပ်တော် (AA) မှ “ဓညဝတီရေတပ်ဌာနချုပ်စခန်း” အား ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊အထိအခိုက် အကျအဆုံး အရေအတွက်များနှင့် အပျက်အစီးများကို လောလောဆယ် မသိရသေးကြောင်း ဖော်ပြထားသည်။

အဆိုပါဓညဝတီရေတပ်ဌာနချုပ်ကို ဇန်နဝါရီလ ၈ ရက် ၊ မနက် ၆ နာရီလောက်ကလည်း ရက္ခိုင့်တပ်တော်(AA)က ပထမဆုံးအကြိမ် ရှော့တိုက်ဒုံးနှင့်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ပထမအကြိမ်ပစ်ခတ်မှုအတွင်း ရေတပ်ဌာနချုပ်အနီးသံဇစ်မြစ်ထဲမှနေဗီစစ်ရေယာဉ်များက ပြန်လည်ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်များ ရေတပ်စခန်းဝန်းကျင်ကျေးရွာများအနီး ကျရောက်ပေါက်ကွဲခဲ့သည်။

ယနေ့မနက်ပိုင်း အေအေက ပစ်ခတ်တိုက်ခိုက်ရာတွင်လည်း သံဇစ်မြစ်အတွင်းမှ နေဗီများမှပြန်လည် ပစ်ခတ်မှုကြောင့် ရေတပ်စခန်းနှင့်သိပ်မဝေးသည့် စည်မော်၊ရှောက်ခြုံ ကျေးရွာများအနီး လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲမှုရှိပြီး ရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရကြောင်း ကျောက်ဖြူဒေသခံလူငယ်တစ်ဦးကပြောသည်။(NN-23)

ဆက်စပ် သတင်းများ