သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မီဇိုရမ်မှ စစ်ကောင်စီတပ်သားများကို လာခေါ်သည့် စစ်ကောင်စီလေယာဉ် ပြေးလမ်းချော်ပြီး ကျိုးပျက်သွား


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၃ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

အိန္ဒိယနိုင်ငံ၊  မီဇိုရမ်ပြည်နယ်သို့ စစ်ရှုံး၍ ထွက်ပြေးသွားကြသော စစ်ကောင်စီတပ်သားများကို လာရောက်သယ်ဆောင်သည့် စစ်ကောင်စီ လေယာဉ်သည် Lengpui လေဆိပ်အဆင်းတွင် ပြေးလမ်းချော်မှုဖြစ်ပွားခဲ့သည်ဟု ချင်းသတင်းဌာနတစ်ခုဖြစ်သည့်  ခိုနူမ်းသုန်သတင်း အရ သိရသည်။

၎င်းလေယာဉ်သည် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အနီး Lengpui လေဆိပ်တွင် ယနေ့မနက်ပိုင်း ၁၀ နာရီခွဲ၀န်းကျင်ခန့်က လေယာဉ်ကွင်း အဆင်း ပြေးလမ်းချော်ကာ အရှိန်မထိမ်းနိုင်ဘဲ လမ်းလျော်ကာ ပျက်စီးသွားခဲ့သည်ဟု  သိရသည်။


"Lengpui လေဆိပ်ကို ဆင်းလာတဲ့အချိန်မှာ ပြေးလမ်းချော်သွားတာပါ၊ ထိခိုက်ဒဏ်ရာရှိတဲ့ အခြေအနေတော့ မသိရဘူး" ဟု အိုင်ဇောလ်မြို့ဒေသခံကပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် လေယာဉ်ပေါ်ပါလာသူတချို့သေဆုံးမှုရှိသည်ဟု သတင်းများထွက်သော်လည်း အတည်မပြုနိုင်သေးဟု ဆိုသည်။ 

ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ရှုံးမှုကြောင့် အရာရှိ ၃၆ အပါအ၀င် စစ်ကောင်စီတပ်သား ၂၇၆ ယောက်သည် ဇန်နဝါရီလ ၁၇ ရက်က မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးလာခဲ့ကြသည်။


အဆိုပါ စစ်ကောင်စီတပ်သား ၂၇၆ ဦးအထဲက ၁၈၄ ဦးကို ယမန်နေ့ဇန်နဝါရီလ ၂၂ ရက်က စစ်ကောင်စီ လေကြောင်းက Lengpui လေဆိပ်တွင် လာရောက်ခေါ်ယူသွားခဲ့ပြီး ယနေ့ ဒုတိယအသုတ် ကို လာရောက်သယ်ဆောင်သည့်အချိန်တွင် လေယာဉ်မတော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်သည် သိရသည်။

ဓာတ်ပုံ-  ခိုနူမ်းသုန်သတင်း

ဆက်စပ် သတင်းများ