တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ဖုန်းနှင့် အင်တာနက်လိုင်းများကို ထပ်မံ ဖြတ်တောက်လာ၍ စစ်ဘေးရှောင်နေရသည့် ရခိုင်ပြည်သူများအား ထောက်ပံ့ကူညီရန် ပိုမိုခက်ခဲလာ


  • ရေးသူ: Web Master (NN 03)
  • | ရက်စွဲ: ၂၄ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 754

ရခိုင်ပြည်ရှိ ကုန်သွယ်ရေးလမ်းကြောင်းများကို ဖြတ်တောက်ပိတ်ဆို့ပြီးနောက် ယခုတစ်ခါ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို စစ်ကောင်စီက ဖြတ်တောက်လိုက်သဖြင့် စစ်ဘေးရှောင်နေရသည့် ရခိုင် ပြည်သူများအား ထောက်ပံ့ကူညီရန် ပိုမိုခက်ခဲလာသည်ဟု စစ်ဘေးရှောင် အရေးကူညီနေသူများက ပြောကြသည်။

စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက “လမ်းတွေပိတ်ထားတော့ စားနပ်ရိက္ခာတို့၊ စောင်တို့ဘာတို့ သွားလှူလို့မရဘူး။ လှူလို့ရတာ တစ်ခုတည်းဖြစ်တဲ့ K-pay နှင့် Wave Money က ငွေလွှဲပြီး လှူမယ် ဆိုရင်လည်း ခုက အင်တာနက် ပိတ်ချလိုက်ပြီ။ ခုက မြောက်ပိုင်း တစ်ခုလုံးနီးပါး၊ မြို့နယ်တိုင်းမှာ တိုက်ပွဲဖြစ်နေတော့ အကုန်လုံးက စစ်ဘေးရှောင်ဖြစ်နေတယ်။ ခုက ဘဏ်တွေပါ ပိတ်တာတော့ ငွေက ထုတ်မရတော့ဘူး။ အဲဒါကြောင့် စစ်ဘေးရှောင်တွေ ကူညီဖို့ အခက်အခဲဖြစ်နေတယ်။ စစ်ဘေးရှောင် ပြည်သူတွေလည်း အထူး အရမ်းဒုက္ခရောက်နေကြရပါတယ် ” ဟုပြောသည်။

ရခိုင်ရှိ မြို့နယ်တချို့တွင် Mytel မှ အပ ကျန်ဆက်သွယ်ရေး ဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသောကြောင့် စစ်ဘေးရှောင်များအတွက် တစ်ခုတည်းသော အားထားရာ K-pay နှင့် Wave Money တို့မှ ငွေထုတ်ယူ၍ မရဖြစ်နေသောကြောင့် စစ်ဘေးရှောင်များကို ကူညီရန် များစွာခက်ခဲနေကြသည်ဟု ဆိုသည်။

စစ်ကောင်စီသည် ရခိုင်တကျော့ပြန်တိုက်ပွဲ စဖြစ်ခဲ့သည့်နေ့မှ စတင်ကာ ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ပင်ထားသည့်အတွက်ကြောင့် တစ်မြို့နှင့် တစ်မြို့ ကုန်သွယ်၍ မရဖြစ်ကာ ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လျက်ရှိနေသည့်ကြားက ရခိုင်လူထုအား ပိုမို ဒုက္ခရောက်စေရန် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ထပ်မံ ဖြတ်တောက်လိုက်သည်။


“  ပြောရရင်တော့ဗျာ။ ဘယ်လိုနားလည်ရမှန်းတောင်မသိတော့ဘူး။ အပြစ်မဲ့ပြည်သူလူထုကို ဒုက္ခရောက်အောင် နည်းမျိုးစုံနဲ့ လုပ်တယ်။ ပြည်သူတွေဒုက္ခရောက်တော့ ဒါကိုကြည့်ပြီး ပျော်တယ်ဆိုတော့ ဒီစစ်ကောင်စီအစိုးရကို ပြောစရာတောင်ရှာမရတော့ဘူး။ အခုလမ်းတွေပိတ်တာ၊ အင်တာနက်ဖုန်းလိုင်းတွေကို ပိတ်တာက စစ်ရေးသက်သက် အမြင်တစ်ခုတည်းနဲ့ လုပ်တာ မဟုတ်ဘူး။ ရခိုင်ကို လူမျိုးရေးအရလည်း သူတို့ လုပ်တာ ပါတာပေါ့ “  ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ရခိုင်မှ စစ်ဘေးရှောင်ပြည်သူများအတွက်  စားနပ်ရိက္ခာ၊ ဆေးဝါး၊ စောင်နှင့် အနွေးထည်များ အရေးပေါ် အကူအညီများ အပူတပြင်း လိုအပ်နေသည်ဟု ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးကလည်း ပြောသည်။

ထို့အပြင် မြောက်ဦးမြို့နယ်မှ စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက “စစ်ဘေးရှောင်တွေဟာ အမိုးအကာအောက်ကို မရောက်ကြသေဘူး။ တာပေါ်လင်စလေးတွေနဲ့ ကာပြီးနေကြရတယ်။ ရွာတွေမှာဆိုရင်လည်း စုပြုံပြီး နေကြရတယ်။ တချို့ဆို နေမယ့်နေရာမရှိလို့ ရွာပြင်နားလေးမှာ၊ လုံခြုံမယ့်နေရာလေးတွေမှာ အမိုးအကာလည်း မရှိတော့ ဒေသမှာရှိတဲ့ ကောက်ရိုးတွေနဲ့ တဲလေးတွေဆောက်ပြီး နေနေကြရတာတွေရှိပါတယ်” ဟုဆိုသည်။

လက်ရှိတွင် လူမှုကွန်ရက်များမှတဆင့် အလှူငွေကောက်ခံပြီး ကိုယ်ထူကိုယ်ထ စစ်ဘေးရှောင်များကို ကူညီလှူဒါန်းနေသူများနှင့် ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများမှာလည်း K-pay နှင့် Wave Money တို့မှ ငွေထုတ်ယူ၍ မရခြင်းနှင့် စစ်ဘေးရှောင်များကို ကိုယ်တိုင်သွားရောက် လှူဒါန်းခွင့်မရသည့် အတွက်ကြောင့် စစ်ဘေးရှောင်များမှာ များစွာ အခက်အခဲဖြစ်နေကြသည်ဟုလည်း ပြောဆိုကြသည်။

နောက်ထပ် စစ်ဘေးရှောင်များကို ကူညီနေသော လူငယ်တစ်ဦးက “စစ်ဘေးရှောင်တွေကို ကူညီပေးဖို့ လမ်းတွေ ဖွင့်ပေးစေချင်တယ်။ ကုန်စည်စီးဆင်းခွင့်ကို ပေးစေချင်တယ်။ ပြည်သူတွေကို လွတ်လွတ်လပ်လပ် ကူညီခွင့်၊ သွားလာခွင့်၊ စစ်ဘေးရှောင်စခန်းတွေကို ကူညီမယ့်အဖွဲ့အစည်းတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီးတော့ လမ်းတွေ ဖွင့်ပေးသင့်တယ်၊ ကူညီခွင့်တွေ ပေးသင့်ပါတယ်” ဟု နိရဉ္စရာကိုပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များမှာ အမိုးအကာအောက်တွင်လည်း မနေထိုင်ရဘဲ ဆောင်းရာသီလည်း ဖြစ်သည့်အတွက် ချမ်းအေးသည့် ဒဏ်ကို ခံစားနေကြရကာ အလှူရှင်များလည်း လာရောက် မလှူဒါန်းနိုင်၍ မကြာမီအချိန်တွင် ငတ်ပြတ်နိုင်သည်ဟု မင်းပြားမြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ပြောသည်။

“ကျမတို့ သူများအိမ်ဘေးမှာ အဖီလေးဆွဲပြီးတော့ တာပေါ်လင် မိုး၊ ကာပြီး နေနေပါတယ်။ စားနပ်ရိက္ခာကတော့ အိမ်ကပါလာတာကလည်း ကုန်ပြီ။ ရွာက လူတွေကလည်း စစ်ရှောင် လာကြတဲ့သူတွေများတော့ သူတို့လည်း မပေးနိုင်တော့ဘူး။ အရမ်းခက်ခဲနေကြပါတယ်။ ဆောင်းရာသီလည်းဖြစ်တော့ ချမ်းလည်းချမ်း၊ စောင် မရှိ၊ အနွေးထည်မရှိ အရမ်းဒုက္ခရောက်နေကြရပါတယ်” ဟုဆိုသည်။  

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာ ဖြစ်ပွားလာခဲ့သည့် တကျော့ပြန် တိုက်ပွဲကြောင့် စစ်ဘေးရှောင် အိမ်ထောင်စု ၃၅၀၀၀ ကျော်၊ လူဦးရေ ၂ သိန်း ၆ သောင်းကျော်နှင့် ယခင် စစ်ဘေးရှောင် အဟောင်း ၆၀၀၀၀ ခန့် ရှိသည်ဟု ရက္ခိုင်ပြည်အရေးပေါ် ကူညီကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့ (ARE) က ဇန်နဝါရီ ပထမ အပတ်က ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ