Preview

ရမ်းဗြဲကို စစ်ကောင်စီက ထပ်မံဗုံးကြဲ၍ မီးဟုန်းဟုန်းတောက်လောင်

ဇန်နဝါရီ ၂၅/ ၂၀၂၄ | ကြည့်ရှုသူ :3104
ရခိုင် သတင်း

တိုက်ပွဲပြင်းထန်ဖြစ်ပွားနေသော ရမ်းဗြဲမြို့ကို စစ်ကောင်စီက ယနေ့နံနက်တွင်လည်း ထပ်မံဗုံးကြဲသဖြင့် မြို့မဈေးနှင့် မြို့လယ်ဈေးတစ်ဝိုက် မီးပြင်းထန်စွာလောင်နေကြောင်း သတင်းရရှိသည်။

ဒေသခံတစ်ဦးက " ရမ်းဗြဲအခြေနေမကောင်းဘူး။ မနေ့ကတည်းက မီးခိုးတွေ တလိပ်လိပ် ထွက်နေတယ်။ ဒီနေ့မနက် ၁၀နာရီက တစ်ကြိမ်နဲ့ ၁၀နာရီ ၂၀ မိနစ်လောက်က တစ်ကြိမ် ၂ခေါက် ဗုံးလာကြဲတယ်။ အခု မြို့မဈေးနဲ့ မြို့လယ် ဈေးလောင်နေတယ်။ ဆိုင်ခန်းတွေက ၁၀၀ကျော်လောက် ရှိမယ်။ အတိကျတော့ မသိရသေးဘူး။ ခုတစ်ခေါက်သူတို့ ဗုံးကြဲတိုက်တာကအရင်တစ်ခေါက်ထက်ပိုပြင်းတယ်။ အခုမြို့ကို ဦးတည်ပြီး ဗုံးလာကြဲနေတာ" ဟု နိရဉ္စရာသတင်းဌာနကိုပြောသည်။

ရမ်းဗြဲမြို့ကို ယနေ့ဇန်နဝါရီ ၂၅ ရက်  နံနက် ၁၀နာရီခန့်မှစ၍ ဂျက်ဖိုက်တာဖြင့် ထပ်မံ ဗုံးလာကြဲမှုကြောင့် မြို့မဈေးနှင့်မြို့လယ်ဈေးတွင်မီးပြင်းထန်စွာ လောင်နေသည်ကို မြင်တွေ့နေ၇သည်ဟု ၎င်းက ဆက်ပြောသည်။ 

စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်နေ၍ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက်ညအချိန်မှ ယနေ့ နံနက်ပိုင်းအထိ ရမ်းဗြဲမြို့တွင် တစ်ညလုံးမီးလောင်နေကာ နံနက် ၉ နာရီအထိ မီးမငြိမ်းသေးကြောင်း၊ထပ်မံဗုံးကြဲ၍ မီးဟုန်းဟုန်းတောက်လောင်နေကြောင်း  မြို့ခံတစ်ဦးက ပြောသည်။

" မနေ့က မနက်ကတည်းက တိုက်ပွဲ တွေပြင်းထန်ပြီး မီးလောင်ကလောင်နေတာ။ ညမှာလည်း တစ်ညလုံး ဗုံးကြဲပြီး ထပ်လောင်တယ်။ ဒီနေ့ မနက်အထိကို မီးမငြိမ်းသေးတာတွေ့ရတယ်"ဟု ရမ်းဗြဲမြို့ခံတစ်ဦးက ယနေ့ နံနက် ၉ နာရီခွဲတွင် နိရဥ္စရာကို ပြောသည်။

ယမန်နေ့က ဂျက်တိုက်လေယာဉ်များမှ ဗုံးကြဲချခဲ့၍ တောင်ဥက္ကလာရပ်ကွက်၊ လောင်းချောင်းရပ်ကွက်၊ မြို့လယ်ဓမ္မာရုံနား တစ်ဝိုက်မှာ မီးလောင်နေခဲ့ပြီး လက်ရှိ မီးလောင်နေသည့်နေရာများကို အဝေးကလှမ်းမြင်နေ၇ကြောင်း၄င်းကပြောသည်။

" မနေ့ကတည်းက အရမ်းအခြေအနေဆိုးလို့ အသက်လု ထွက်ပြေးလာတာပါ။ မနေ့ကထက် မီးတော်တော်ကို ပြင်းပါတယ်။ မနက်အထိကို မီးမငြိမ်းဘူးဆိုတော့လေ။ ဒီမနက်အထိလည်း တိုက်ပွဲတွေ ပြင်းနေတုန်းပါ။ ပစ်သံတွေကြားနေရတယ်။ လေယာဥ်တွေနဲ့လည်း လာကြဲတာ နှစ်ခေါက်ရှိပါပြီ။ အခုက အဝေးကနေလှမ်းကြည့်နေတာပါ" ဟုပြောသည်။

ယင်းအပြင်  သိမ်တောင်ကုန်းစခန်းကိုရဟတ်ယာဉ်များဖြင့် စစ်လက်နက်ပစ္စည်းများကို လေယာဉ်ပေါ်က ချပေးသည်ကို ယနေ့ နံနက်ပိုင်းက မြင်တွေ့ခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

" အခုလည်း ရိက္ခာအထုပ်တွေချနေတယ်။  ဝဲပျံပြီးတော့ ကျနော်တို့မြင်နေရတယ်။ သိမ်တော်တာင် ကုန်းကို ချတာ။ ကျနော်တို့သိရသလောက် သုံးထုပ်လေးထုပ်ရှိနေပြီ။အမြင့်ကပဲချတယ်။ အနိမ့်ကတော့ မပျံဘူး"ဟုပြောသည်။

ယမန်နေ့ကလည်း ရမ်းဗြဲမြို့ပေါ်ရပ်ကွက်နှင့်အနီးတစ်ဝိုက်နေရာများသို့ ဂျက်ဖိုက်တာ၊ ၇ဟတ်ယာဉ်များဖြင့်(၃၃) ကြိမ်ထက်မနည်း တရစပ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လူနေအိမ်၊အဆောက်အအုံနှင့် ချောင်ကူးတံတားအချို့ ထိမှန်ပျက်စီးခဲ့ရပြီး  ရမ်းဗြဲမြို့မရဲစခန်းနောက်ဘက်ရှိ ရမ္မာ၀တီဈေးဆိုင်တန်းမှဆိုင်ခန်း (၆) ခန်းကျော်မှာ လည်း စစ်ကောင်စီ၏လက်နက်ကြီးထိမှန်ခဲ့၍မီးလောင်ပျက်စီးခဲ့၇ကြောင်းညီနောင်မဟာမိတ်သုံးဖွဲ့မှထုတ်ပြန်ထားသည်။(NN-7and NN 11) 

#ရမ်းဗြဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.