တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

ဒေသမတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ စစ်ကောင်စီတာဝန်ရှိသူတချို့က မာန်အောင်မြို့အနီး ကျေးရွာအချို့တွင် လောင်းကစားဝိုင်းပြုလုပ်ကာ ဆက်ကြေးကောက်ခံနေ


  • ရေးသူ: Web Master (NN 03)
  • | ရက်စွဲ: ၂၆ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.4k

ရခိုင်ပြည်၊ မာန်အောင်ကျွန်းပေါ်ရှိ မာန်အောင်မြို့အနီးမှ ကျေးရွာ ၃ ရွာတွင် လောင်းကစားဝိုင်းများကို စစ်ကောင်စီမှ ဆက်ကြေးကောက်ကာ နေ့စဥ်နေ့တိုင်းပြုလုပ်လျှက်ရှိကြောင်း ဒေသခံများက ပြောကြသည်။

စစ်ကောင်စီမှ ခွင့်ပြုကာ လောင်းကစားဝိုင်းများ ပြုလုပ်နေသည့် ကျေးရွာ ၃ ရွာမှာ မာန်အောင်မြို့နယ်၊ ပုန်းဆိုးကြီး၊ ကုန်းတန်းနှင့် ခအုန်းမော်ကျေးရွာတို့ဖြစ်ကြသည်။

အဆိုပါ ကျေးရွာ ၃ ရွာတွင် ဖဲဝိုင်း၊ ကြက်ဝိုင်းနှင့် အံစာဝိုင်းတို့ကို တစ်ရွာတွင် တစ်ရက်စီ အလှည့်ကျ ဖွင့်လှစ်ကာ လောင်းကစားဝိုင်းကို အကြီးအကျယ် ဖွင့်လှစ်လျှက်ရှိနေသည်ဟု ပုန်းဆိုးကြီး ကျေးရွာသားတစ်ဦးကပြောသည်။

“ကျနော်တို့ရွာမှာတော့ ဖဲဝိုင်းက နေ့တိုင်းရှိပါတယ်။ ကြက်ဝိုင်းနဲ့ အံစာဝိုင်းကတော့ ကုန်းတန်းနဲ့ ခအုန်းမော်၊ ကျနော်တို့ရွာ ၃ ရွာမှာ တစ်ရွာ တစ်လှည့်ကျစီ လုပ်နေပါတယ်။ ဒီလောက် ကုန်စျေးနှုန်းတက်လို့ ကျပ်တည်းနေကြတဲ့အချိန်မှာ စစ်ကောင်စီက ဒီလို လုပ်စားခွင့်ပေးထားတော့ လူငယ်တွေလည်း စာရိတ္တ ပျက်ပြားလာကြပါပြီ။ တခြားရွာက လူတွေလည်း လာကစားကြတယ်” ဟုပြောသည်။

အဆိုပါ ပုန်းဆိုးကြီးကျေးရွာတွင် ဖဲဝိုင်းကို စစ်ကောင်စီနှင့် နီးစပ်သည့် နေအိမ်၌ နေ့တိုင်းဖွင့်လှစ်ထားပြီး မာန်အောင်မြို့မ ရဲစခန်းမှူး၊ ဂတ်စာရေးနှင့် ကမောင်တောင် အမြောက်တပ်ရင်းမှ ဗိုလ်ကြီး အောင်ကျော်မိုးတို့ကို လိုင်းကြေးပေးကာ ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု ဖဲဝိုင်းတွင် သွားရောက် ကစားခဲ့သူတစ်ဦးက နိရဥ္စရာကိုပြောသည်။

“ဖဲရိုက်ဖို့ အိမ်ပေါ်တက်တာနဲ့ ဖုန်းကို အပ်ရတယ်။ ဓာတ်ပုံတို့ ဘာတို့ ရိုက်မှာကို ကြောက်တယ်နဲ့တူတယ်။ အဲဒီ ဝင်းမောင်သန်းက ဖဲဝိုင်းတွေက အကောက်(ပိုက်ဆံ) ကောက်တယ်။ အဲဒီပိုက်ဆံတွေထဲကနေ သူက ဌာနဆိုင်ရာတွေကို ပိုက်ဆံပေးရတယ် ကြားတယ်။ သူတို့ကို ဘယ်သူကမှ လာမဖမ်းဘူး။ စစ်သားရော၊ ရဲသားရော၊ ထွေအုပ်ကိုပါ ပိုက်ဆံပေးပြီးတော့ လုပ်နေတာလေ” ဟုပြောသည်။

ထို့အပြင် ပုန်းဆိုးကြီး၊ ကုန်းတန်းနှင့် ခအုန်းမော်တို့တွင်လည်း အံစာဝိုင်းနှင့် ကြက်ဝိုင်းတို့ကို ကိုအောင်မြင့်၊ မောင်သန်းရီ၊ အလေးချီး၊ မောင်အုန်းခင်နှင့် နောက်ထပ်တစ်ဦးတို့က တစ်ဦးလျှင် ၃ ရက်စီ အလှည့်ကျဖြင့် ဒိုင်ကိုင်လျှက်ရှိသည်ဟုလည်း သူကပြောသည်။

“ကုန်းတန်းမှာ ဒီနေ့ ကြက်ဝိုင်းဆိုရင် ခအုန်းမော်မှာ ဒီနေ့ အံစာဝိုင်း အဲလိုမျိုး။ ဒိုင်ကလည်း ၅ ယောက်တောင် ရှိတယ်။ တစ်ယောက် ၃ ရက်ကျစီ ကိုင်ကြတယ်။ သူတို့က မျှပြီးတော့ လုပ်စားနေကြတာပေါ့။ ”ဟုပြောသည်။

အံစာဝိုင်းကိုဆိုလျှင် မာန်အောင် ကမောင်တောင်တပ်ရင်းမှ ဗိုလ်ကြီး အောင်ကျော်မိုးကိုယ်တိုင် အရပ်ဝတ်ဖြင့် လာရောက်ကာ တစ်နေ့လျှင် ၅ သိန်းနှုန်းဖြင့် လိုင်းကြေးလာကောက်သည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

“အမြောက်တပ်က အောင်ကျော်မိုးဆိုသူကိုယ်တိုင် အံစာဝိုင်းကိုလာတာ။ သူက ပိုက်ဆံလာကောက်တယ်။ အံစာလာထိုးတဲ့သူတွေနဲ့လည်း ရယ်ရယ်မောမောပဲ။ တစ်ရက်ကို ၅ သိန်းစီ သူ့ကိုပေးလို့ မြင်တယ်။ တချို့လူတွေပြောကြတာက တခြားဌာနတွေကိုပါ ၅ သိန်းကျစီ ပေးရတယ် ပြောကြတယ်။ ဒါကြောင့် တစ်ခါရှင်းရင် သိန်း ၄၀ လောက်ရှင်းရတယ်လို့ ကြားတယ်” ဟုဆိုသည်။

ကြက်ဝိုင်းကိုလည်း ထိုနည်းတူစွာ ဒိုင် ၅ ဦးက ပုန်းဆိုးကြီး၊ ကုန်းတန်းနှင့် ခအုန်းမော်တို့တွင် အလှည့်ကျစီ ပြုလုပ်နေသဖြင့် မာန်အောင်တွင် စစ်ကောင်စီက လောင်းကစားဝိုင်းဖြင့် ငွေရှာနေခြင်းလားဟု ကုန်းတန်း ကျေးရွာမှ အမျိုးသမီးက ပြောသည်။

“အခုက နေ့တိုင်းဆိုသလို ကြက်ဝိုင်း၊ အံစာဝိုင်း၊ ဖဲဝိုင်း။ မြို့ပေါ်မှာလည်း သွားမလုပ်ဘူး။ ငွေရှိတဲ့သူတွေတော့ ကြေးကြီးကြီး ၁၀ သိန်း၊ သိန်း ၅၀ စီ လောင်းနေကြတာ။ ဒါကို စစ်ကောင်စီက ခွင့်ပြုထားတာဆိုတော့ သူတို့က လောင်းကစားလုပ်ပြီး ပိုက်ဆံရှာနေတာပဲ။ ရွာကိုလည်း ဘယ်ကမှန်း လူတွေလည်း မသိဘူး၊ ရောက်ကြတယ်။ အိမ်က သားသမီးတွေကိုလည်း တားထားရတယ်” ဟုဆိုသည်။

အဆိုပါ ကျေးရွာ ၃ ရွာအပြင် နောက်ထပ်ကျေးရွာများတွင် လောင်းကစားဝိုင်းထပ်လုပ်လိုလျှင် ဇလပ်ပြင် ဥက္ကဋ္ဌ ( ကြံ့ခိုင်ရေးအဖွဲ့ဝင်) ထံတွင် ပိုက်ဆံပေးပြီး သူမှတဆင့် အာဏာပိုင်အဖွဲ့အစည်းနှင့် ညှိနှိုင်းကာ လောင်းကစားဝိုင်း ဖွင့်လှစ်ခွင့်ပေးသည်ဟုလည်း နီးစပ်သူတစ်ဦးကပြောသည်။

“ဒိုင် ၅ ယောက် မဟုတ်ဘဲ နောက်လူတစ်ယောက်က ကြက်ဝိုင်းလုပ်ချင်တယ်ဆိုရင် သူ့ဆီသွားပြီး ပိုက်ဆံ သွားပေးရတယ်။ သူက ဌာနဆိုင်ရာတွေကို ပိုက်ဆံပေးပြီး လုပ်ခွင့်ပေးတယ်။ ပွဲစားသ‌ဘောပေါ့။ မြို့ထဲမှာတော့ လုံးဝလုပ်ခွင့်မရှိဘူး” ဟုပြောသည်။

ယခု လောင်းကစားဝိုင်းဖွင့်လှစ်ထားသည့် ပုန်းဆိုးကြီး၊ ကုန်းတန်းနှင့် ခအုန်းမော်ကျေးရွာတို့သည့် မာန်အောင်မြို့နှင့် နီးကပ်စွာတည်ရှိသည့် ကျေးရွာများဖြစ်ပြီး လောင်းကစားဝိုင်းများကို စစ်ကောင်စီက ပြုလုပ်နေသည်မှာ ၄ လ ခန့်ရှိပြီဖြစ်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ