တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

စစ်ရှုံးနေသည့် စစ်ကောင်စီမှ ရမ်းဗြဲမြို့အား အငြိုးအတေးထားကာဖျက်ဆီးနေ


  • ရေးသူ: Web Master (NN 11,NN 30)
  • | ရက်စွဲ: ၂၇ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

(ရမ်းဗြဲတိုက်ပွဲတွင် အထိနာနေသည့်အတွက် စစ်ကောင်စီမှ လေကြောင်းကို အဓိကထား တိုက်ခိုက်နေ၍ တနေ့ထက် တနေ့ ပြင်းထန်လာဟု ဒေသခံများပြောဆို)

စစ်ရှုံးနေသည့် စစ်ကောင်စီမှ ရမ်းဗြဲမြို့အား အငြိုးအတေးထားကာ ဖျက်ဆီးနေ ဟု ညီနောင်သုံးဖွဲ့ ဇန်နဝါရီ ၂၆ ရက် ည ၁၁ နာရီ ၅၀ မိနစ်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။  

“ ရက္ခိုင်ဒေသစစ်မျက်နှာစာ၌ အရှုံးကြီးရှုံးနိမ့်နေသော စစ်ကောင်စီမှ ရမ်းဗြဲမြို့အား အငြိုးအတေးထားကာ မြို့ပြိုပျက်စေ ရန် ရည်ရွယ်ချက်ဖြင့် ယမန်နေ့ညပင် ယနေ့တစ်နေ့လုံးထိ ဂျက်ဖိုက်တာများသုံးကာ လေကြောင်းမှ ဖျက်အားပြင်းဗုံးများ နှင့် ကြဲချတိုက်ခိုက်ခြင်းများ ဆက်လက်ပြုလုပ်လျက်ရှိသည်” ဟု ဖော်ပြထားသည်။  

ရမ်းဗြဲမြို့ အခြေအနေနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၂၆ ရက် ညနေပိုင်းက နိရဉ္စရာသတင်းဌာနမှ ရမ်းဗြဲဒေသခံများကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ရမ်းဗြဲမြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ယခုလို ပြောသည်။

" မနက် ၈နာရီ‌ လောက်က တိုက်ပွဲစဖြစ်တယ်။ လက်နက်ကြီးတွေနဲ့ပစ်တယ်။ အခုည နေ ၅နာရီ ၄၀ မိနစ်က စပြီး ထပ်ဖြစ်တာ။ သေနတ်သံတွေကို အခု ည ၆ ခွဲ အထိ ကြားနေရတုန်း။  မနေ့ကလည်း တစ်နေကုန်လိုလို  ဗုံးကြဲတာ။  ဒီနေ့ မနက် ၄ နာရီမှာ တိုက်လေယာဥ်နဲ့ ဗုံး ၂ ကြိမ် ကြဲတယ်။ ၁၀ နာရီကနေ ၁၀ နာရီခွဲထိ ဂျက်ဖိုက်တာနဲ့ ဗုံးထပ်ချတယ်။ စက်သေနတ်နဲ့ ကိုယ်ရံတောင် ခြေရင်းကို ပစ်တယ်။ တစ်ခါကြဲရင် သုံးလေးလုံးရှိတယ်" ဟုပြောသည်။




ရမ်းဗြဲမြို့တွင် သိမ်တောင်ကုန်းနှင့် ကိုယ်ရံတော်တောင်ကုန်းတွင်  ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်  နံနက် ၈ နာရီခန့် နှင့်  ညနေ ၅နာရီ ၄၀ မိနစ်ခန့်တွင်  ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် ထပ်မံ တိုက်ခိုက် ကြပြီး တိုက်ပွဲ ပွဲပြင်းထန်နေသည်ဟု ၎င်းက ပြောဆိုသည်။

ယခု ရမ်းဗြဲတိုက်ပွဲတွင် အထိနာနေသည့် အတွက် စစ်ကောင်စီဖက်မှ လေကြောင်းကို အဓိကထား တိုက်ခိုက်နေပြီး တိုက်ပွဲမှာလည်း တနေ့ထက် တနေ့ ပြင်းထန်လာသည်ဟု ၎င်းကပြောသည်။

" သူတို့က တိုက်ပွဲဖြစ်တဲ့ ဇန်နဝါရီ ၂၄ရက်နေ့က ထိုးစစ်ဆင် တိုက်ခိုက်တဲ့အချိန်က စစ်ကောင်စီ စစ်သားတွေ အထိအခိုက်များတာကြောင့် တောက်လျှောက် လေယာဥ်သုံးပြီး မနက်နဲ့ ညလာပစ်နေတာ" ဟုပြောသည်။

စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုကြောင့်မြို့အပျက်စီးများသည်ကို စိတ်မကောင်းဖြစ်ရသည်ဟု မြို့ခံများကပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့်  မြို့‌ပေါ် ရပ်ကွက်များ ဖြစ်သည့် တောင်ဥက္ကလာ၊ လောင်းချောင်း၊ ပလုတ်တောင်၊‌ ညောင်ပင်လှ၊ သဗြုချိုင်၊  ရွှေတုံး၊ သာယာကုန်း၊‌ ပုတင်းစု ၊ကင်းတဲ၊ အင်းတောင်၊ အောင်ဆိပ်နှင့်‌ အောင်စေတီ တို့တွင် ကျရောက် ပေါက်ကွဲမှု ရှိပြီး တောင်ဥက္ကလာ ရပ်ကွက်၊ လောင်းချောင်းရပ်ကွက်နှင့် မြို့မစျေးနား အနီးဝန်းကျင်တွင် အပျက်အစီးများနေကြောင်းသိရသည်။(NN-11) 

ဆက်စပ် သတင်းများ