တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

အကြမ်းဖက်စစ်တပ်က မြောက်ဦးကို လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သား ၄ ဦးသေဆုံး ၊ ၇ ဦး ဒဏ်ရာရရှိပြီး အိမ် ၂၀ ကျော်မီးလောင်ပျက်စီး


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၈ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2k

အကြမ်းဖက်စစ်ကောင်စီတပ်က မြောက်ဦးမြို့ထဲကို  လက်နက်ကြီးဖြင့်ပစ်ခတ်၍  အရပ်သား ၄ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကာ အိမ် ၂၀ ကျော်မီးလောင်ပျက်စီးသွားကြောင်း သတင်းရရှိသည်။

 

မြောက်ဦးမြို့တွင်ကျန်ရှိနေသည့် စစ်ကောင်စီ၏ ခမရ ၅၄၀၊ ခမရ ၃၇၇ နှင့် အမှတ်(၃၁) ရဲတပ်ရင်းတို့က ယမန်နေ့ဇန်နဝါရီလ ၂၇ ရက်၊ ည ၇ နာရီဝန်းကျင်တွင် မြောက်ဦးမြို့ပေါ်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာမှ နေအိမ်များမီးလောင်ပျက်စီးကာ အရပ်သားများ သေဆုံးဒဏ်ရာရခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

လက်နက်ကြီးကျည်များသည် မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်၊ ကုန်သည်လမ်းဆုံမှ နေအိမ်များကို ထိမှန်ပြီး အရပ်သားများသေဆုံးဒဏ်ရာရပြီး နေအိမ်များမီးလောင်ပျက်စီးသွားခြင်းဖြစ်ကြောင်း မြောက်ဦးမြို့ခံများ၏ ပြောပြချက်အရသိရသည်။

 

မြောက်ဦးမြို့နှင့် အဆက်အသွယ်ရသည့် ဒေသခံ တစ်ဦးက " မြောက်ဦးမှာ စစ်တပ်လက်နက်ကြီးနဲ့ ပစ်လို့ လူ ၄ ယောက်သေပြီး ၇ ယောက်ဒဏ်ရာရတယ်လို့ သိရပါတယ်။ အခု​မနက်ပိုင်းက မြောက်ဦးဝန်းကျင်က ဒေသခံတယောက်နဲ့ ဖုန်းအဆက်သွယ်ရတာမှာ ပြောခဲ့တာပါ။အိမ်လည်း ၂၀ လောက်မီးလောင်ပျက်စီးသွားတယ်လို့ပြောပါတယ်" ဟု ပြောသည်။

 

ယနေ့မနက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာတွင်ပျံ့နှံ့လာသည့် ရုပ်သံဗီဒီဖိုင်တခုထဲတွင် မြောက်ဦးမြို့ ဗန္ဓုလတံတားအဆင်း ညာဘက်အခြမ်းမှ နေအိမ်ဆိုင်တန်းများထဲက ဆိုင်တစ်ဆိုင်မှာ မီးဟုန်းဟုန်း တောက်လောင်နေပြီး အရပ်သားတချို့က ပစ္စည်းပစ္စယများကို မီးလွတ်ရာရွှေ့ပြောင်းနေသည်ကို တွေ့ရသည်။ အလားတူ မီးလောင်ပျက်စီးသွားသည့် နေအိမ်တန်းများ၊ လက်နက်ကြီးကျည်စထိမှန်ပြီး သေဆုံးနေသည့်အရပ်သားများကိုလည်း ဓာတ်ပုံများထဲတွင်တွေ့မြင်ရသည်။

 

" အရပ်သားသေဆုံးတဲ့ဓာတ်ပုံတွေတက်လာတာ။ကြည့်တောင်မကြည့်ရဲလောက်စရာပါ။ တချို့ခေါင်းတွေ၊ မျက်နှာတွေအကုန်လုံးပြိုသွားတဲ့ပုံတွေ၊ တချို့ဝမ်းဗိုက်တွေအကုန်ပွင့်ကျသွားတာ" ဟု အဆိုပါ မြောက်ဦးမြို့ခံအမျိုးသားကပြောသည်။

 

 မြောက်ဦးအပါအဝင် ရခိုင်တိုက်ပွဲဖြစ်ပွားရာမြို့များတွင် စစ်ကောင်စီကဖုန်းလိုင်း၊ အင်တာနက်လိုင်းများကို ဖြတ်တောက်ထားဆဲဖြစ်သည်။

 

မြောက်ဦးမြို့မရဲစခန်း၊ သူတော်မကုန်း စစ်စခန်း၊သင်းကျစ်တောင်စခန်းကုန်း၊ လင်းမြွေတောင် စစ်စခန်းနှင့် မြောင်းဘွေရဲစခန်းတို့ကို ရက္ခိုင့်တပ်တော်(AA)က ထိန်းချုပ်သိမ်းပိုက်ထားပြီး လက်ရှိမြောက်ဦးမြို့တွင် ခမရ ၅၄၀၊ ခမရ ၃၇၇ ၊ ၃၇၈နှင့်  အမှတ်(၃၁)ရဲတပ်ရင်းတို့ ကျန်ရှိနေခြင်းဖြစ်ကြောင်းသိရသည်။ ( NN-23)

ဆက်စပ် သတင်းများ