စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်က မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြင့်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၈ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

(နယ်စပ်တစ်လျှောက်တိုက်ပွဲပြင်းထန်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ မော်တာကျည်များကျရောက်မှု ဘင်္ဂလာက ကန့်ကွက်စာပို့ )

အမြောက်ကျည်များကျရောက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြင့်ထားကြောင်း သတင်းရရှိသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မြန်မာဘက်ခြမ်းနယ်စပ်တစ်လျှောက်တွက် ရက္ခိုင့်တပ်တော်  (AA) နှင့် မြန်မာနယ်ခြားစောင့်တပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ အမြောက်ဆံ ၁၃ ခုနှင့် ကျည်ဆံ ၁ လုံးတို့ ကျရောက်ခဲ့သည်ဟု အမှတ် (၃၄) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရင်းက သတင်းထုတ်ပြန်သည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့သည် အဆိုပါဖြစ်ရပ်ကို ကန့်ကွက်သည့်အနေဖြင့် မြန်မာ စစ်ကောင်စီ နယ်ခြားစောင့်တပ် ထံသို့ စာရေးသားပေးပို့ခဲ့သည်။

၎င်းစာကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ BGB တပ်ရင်း( (၃၄) ကွပ်ကဲရေးမှူး ဒုတိယဗိုလ်မှူးကြီး Saiful Islam Chowdhury က လက်မှတ်ရေးထိုးကာ ပေးပို့ခဲ့သည်ဟု ဆိုသည်။


၎င်းပြင် BGB ညွန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် AKM Nazmul Hasan သည် မော်တာကျည်များ ကျဆုံးခဲ့သည့် မြန်မာနယ်စပ်အနီးရှိ ပလောင်ခါလီ၊ တောင်ပြိုနှင့် ဝါးခွတ်ချောင်း  နယ်စပ်ကင်းစခန်း (BOP) တို့ကို သွားရောက်ကြည့်ရှုခဲ့ပြီး တပ်ဖွဲ့ဝင်များအား အခြေအနေကို အနီးကပ် စောင့်ကြည့် ကြပ်မတ်ရန်နှင့် ၎င်းတို့၏ တာဝန်များကို ကျွမ်းကျင်စွာ ထမ်းဆောင်ရန် အမိန့်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနယ်စပ်အနီး ကော့ဘဇားခရိုင်အတွင်းမှ နယ်စပ်တစ်လျှောက်တွင် နေထိုင်နေကြသည့် ဘင်္ဂလားဒေ့ရှ် ရွာသူရွာသားများမှာ  နယ်စပ်တလျှောက် မော်တာနှင့် ကျည်ဆံများ  ပြင်းထန်စွာ ပေါက်ကွဲသံများကြောင့် ထိတ်လန့်တကြား ဖြတ်သန်းနေကြရသည်ဟု ဘင်္ဂလားဒေ့ရှ် မီဒီယာများတွင် ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအနေဖြင့် ကျယ်လောင်ပေါက်ကွဲသည့် သေနတ်သံများကြောင့် ညလုံးပေါက် မအိပ်ရကြောင်း ၊ တချို့မှာ နယ်စပ်အနီး ပုဇွန်မွေးမြူရေးကန်များသို့ အလုပ် မဆင်းနိုင်ကြောင်း၊ ဝါးခွတ်ချောင်းမှ အိမ်တစ်အိမ်တွင် ကျည်ဆံများ ကျရောက်ပေါက်ကွဲခဲ့သော်လည်း ထိခိုက်မှုမရှိကြောင်းစသဖြင့်လည်း သတင်းများတွင်ဖော်ပြသည်။

တက်ကနက်မြို့နယ် အုပ်ချုပ်ရေး အရာရှိ Adnan Chowdhury က “ဒီကိစ္စနဲ့ ပတ်သက်ပြီး နယ်ခြားစောင့်တပ်က ညွှန်ကြားရင် ရွာသူရွာသားတွေကို ရွှေ့ပြောင်းပေးမှာပါ”  ဟု ဆိုသည်။

လွန်ခဲ့သည့် လအနည်းငယ်အတွင်း ရခိုင်hတော်လှန်ရေးတပ်ဖွဲ့  Arakan Army (AA) သည် မြန်မာစစ်အစိုးရကို တော်လှန် ပုန်ကန်တိုက်ခိုက်နေသည်ဟု သတင်းများတွင် ဆက်လက်ဖော်ပြထားသည်။

နိရဉ္စရာသတင်းဌာနမှ စုံစမ်း ရရှိသော သတင်းများအရ မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုမြို့ အပါအဝင် နယ်ခြားစောင့်တပ်စခန်းအများအပြားကို ရက္ခိုင့်တပ်တော် (AA) ကဝင်ရောက်တိုက်ခိုက်၍ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။

Ref: The Daily Star and Ukhiya News

 

ဆက်စပ် သတင်းများ