Preview

ကျောက်တော်စကခ(၉)သို့ စစ်ကူပို့ဆောင်ရာတွင် ရေတပ်စစ်ရေယာဉ်များက ရဟတ်ယာဉ်အစောင့်အရှောက်ခေါ်ယူရ

ဇန်နဝါရီ ၂၉/ ၂၀၂၄ | ကြည့်ရှုသူ :10727
ရခိုင် သတင်း

စစ်တွေမြို့မှ ကျောက်တော်မြို့ အခြေစိုက် စကခ(၉) စစ်ဗျူဟာကွပ်ကဲမှုဌာနချုပ်သို့ စစ်ကူများပို့ဆောင်သည် စစ်ကောင်စီ ဇက်ရေယာဉ် ၄ စီးသည် ကုလားတန်မြစ်ကြောင်းအတိုင်း ဆန်တက်ရာတွင်ရက္ခိုင့်တပ်တော် (AA) တိုက်ခိုက်မည်ကို စိုးရိမ်၍ ရဟတ်ယာဉ် အစောင့်အရှောက်ခေါ်ယူပြီးမှ ပို့ဆောင်ခဲ့ရသည်ဟု သတင်းရရှိသည်။ 

ဒေသခံတစ်ဦးက " ဇက်နေဗီ ၄စီး တစ်စီးမှာ စစ်သား ၁၀၀လောက်ပါတယ်ထင်ပါတယ်။စစ်တွေဘက်ကနေ ကျောက်တော်တပ်မကို အင်အားလာဖြည့်တာ။ရက္ခိုင့်တပ်တော်က တိုက်ခိုက်မှာကြောက်လို့  ဇက်ရေယာဉ်တွေက ရဟတ်ယာဉ် အစောင့်အရှောက် လုံခြုံရေးနဲ့ ပို့ဆောင်၇တာ" ဟုပြောသည်။

ဇန်နဝါရီ၂၇ ရက်နေ့  ညနေပိုင်းက စစ်ကောင်စီ ဇက်ရေယာဉ်  (၄)စီးဖြင့်  အေအေ၏ တိုက်ခိုက်ခြင်းကိုခံနေ၇သည့် အမှတ်(၉) စစ်ဗျူဟာ ကွပ်ကဲမှု ဌာနချုပ်သို့ စစ်ကူပို့ဆောင်ရာတွင် ရဟတ်ယာဉ်များစောင့်ရှောက်လိုက်ပါကာ ပို့ဆောင်အင်အားဖြည့်တင်းခဲ့ရသည်ဟု  ကျောက်တော်မြို့နယ်မှ သတင်းရင်းမြစ်တစ်ဦးကလည်း  နိရဉ္စရာသတင်းဌာနကို ပြောသည်။

စစ်ကောင်စီသည် စစ်တွေမှ ကျောက်တော်သို့ စစ်ကူပို့ဆောင်ရာတွက်ကားလမ်းအတိုင်း ပို့ဆောင်၍ မရတော့သဖြင့် ကုလားတန်မြစ်ကြောင်းအတိုင်း ရေလမ်းကို အသုံးပြုပို့ဆောင်နေရသည်ဟု သိရှိ၇သည်။ 

ထိုသို့ပို့ဆောင်ရာတွင်လည်း ဇက်ရေယာဉ်များအနေဖြင့် ရက္ခိုင့်တပ်တော်ကြားဖြတ် ဝင်ရောက် တိုက်ခိုက်မည်ကို ကြောက်လန့် စိုးရိမ်နေရ၍ လေတပ်ကို အကူအညီ ယူကာပို့ဆောင်၇သည်ဟု ဒေသခံများက ပြောသည်။

စကခ(၉) ကို ရက္ခိုင့်တပ်တော်က ဝင်ရောက် တိုက်ခိုက်နေ၍  ဇန်နဝါရီ ၂၇ ရက်အထိ တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့ပြီး၎င်းတပ်မကို အေအေလက်ထဲ ကျရောက်လုနီးပါးဖြစ်နေသည့်အချိန်တွင် ယခုကဲ့သို့ အင်အား ဖြည့်လာခြင်းဖြစ်သည်ဟု ၎င်းသတင်းရင်းမြစ်က ဆက်ပြောသည်။

“  တပ်မကို တိုက်တာ ပြတ်ခါနီးနေပြီ။ သူတို့က စစ်အင်အားပြန်ဖြည့်တာ၄၀၀လောက်ရှိတယ်။ ပြည်သူတွေကတော့ ပိုစိုးရိမ်ကြရတာပေါ့ ။အခုက ဘယ်လိုဖြစ်နေလည်းဆိုတာ့အေအေကို တိုက်လို့ မနိုင်လေ လက်နက်မဲ့ အရပ်သား ပြည်သူတွေကို စစ်တပ်က တိုက်ခိုက်လေဆိုတော့ လူတွေက စိုးရိမ်ရတာပေါ့။ ရခိုင်ကတိုက်ပွဲမှာ ဘယ်နေရာမဆိုစစ်ကောင်စီက အရေးနိမ့်နေလို့ အရပ်သားတွေကိုရတဲ့နည်းနဲ့ အကြမ်းဖက်တိုက်ခိုက်နေတယ်လေ"ဟုပြောသည်။

ညီနောင်သုံးဖွဲ့၏ ဇန်နဝါရီ၂၄ ရက် ည (၁၁ နာရီ ၄၀ မိနစ်) က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီ၏တပ်မဌာနချုပ်နှင့် အထိုင်ချစခန်းများကို တစ်ခုပြီးတစ်ခုသိမ်းပိုက်ရယူရန် ကြိုးစားလျက်ရှိသည်ဟု ဖော်ပြသည်။(NN-11) 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.