စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်ရေးပြင်းထန်လာသဖြင့် ရခိုင်မှ UN/ INGO များ ထွက်ခွာရန်ပြင်ဆင်


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၃၀ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.1k

စစ်ရေးပြင်းထန်လာသည့် ရခိုင်မှ UN/ INGO များ ထွက်ခွာရန်ပြင်ဆင်နေပြီဖြစ်ကြောင်း ခိုင်လုံသည့် INGO သတင်းရင်းမြစ်များထံမှ သိရသည်။

ရခိုင်တွင် တစ်နေ့ထက်တစ်နေ့ စစ်ရေးပြင်းထန်နေပြီး စစ်ဘောင်ကျယ်ပြန့်လာသည့်အတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ကြသည့် UN နှင့် နိုင်ငံတကာ အကူအညီပေးရေး INGO အဖွဲ့အစည်းများ ရခိုင်မှ ထွက်ခွာရန် စီစဥ်နေပြီဖြစ်ကြောင်း အမည်မဖော်လိုသည့် INGO သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"OCHA အပါအဝင် WFP/ UNHCR အပါအဝင် တခြား INGO တွေ ထွက်ခွာမယ့် သဘောပါ။ ဘူးသီးတောင်၊ မောင်တော ဘက်တွေကလည်း ဆုတ်ခွါဖို့ စီစဥ်နေကြပြီ။ ဒီရက်တွေမှာ စက်ပစ္စည်းတွေပြောင်းဖို့လုပ်ထားပြီ" ဟု ပြောသည်။

ဘူးသီးတောင်၊ မောင်တော အခြေစိုက် INGO များ စစ်တွေသို့ ဦးစွာရွှေ့ပြောင်းမည်ဖြစ်ပြီး စစ်တွေမှ တဆင့်ထွက်ခွာရန်စီစဥ်ထားသည်ဟု ၄င်းကဆိုသည်။

လက်ရှိမှာ ဘူးသီးတောင်၊ မောင်တောဘက်မှ ထွက်ခွာရန် ပြောင်းရွှေ့ရေးကိစ္စများ စီစဥ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

ရခိုင်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ရမ်းဗြဲ၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ မင်းပြား၊ ဘူးသီးတောင် နှင့် မောင်တော မြို့နယ်များမှ ဒေသခံ ၃ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ရခိုင်မှ လူမှုကယ်ဆယ်ရေး လုပ်ဆောင်သူများက ပြောသည်။

ယခုကဲ့သို့ စစ်ရေးပြင်းထန်နေပြီး စစ်ပွဲကြားပိတ်မိနေသည့် ပြည်သူများ၊ စစ်ပွဲကြားမှ အသက်လုထွက်ပြေးလာသည့် ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အရေးတကြီးလိုအပ်နေချိန်တွင် UN နှင့် INGO အဖွဲများ ရခိုင်မှ ထွက်ခွါခြင်းမှာ စိုးရိမ်စရာအခြေအနေဖြစ်သည်ဟု ရမ်းဗြဲမြို့မှ လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

"အခုလို အခြေအနေမျိုးမှာ ထောက်ပံ့ကူညီမှုတွေပေးနေတဲ့ WFP တို့ UNHCR တို့လိုအဖွဲ့တွေက ထွက်သွားမယ်ဆိုရင် ဒီရခိုင် စစ်ဘေးရှောင်တွေဘဝက မတွေးရဲစရာပါ။ ဒီလောက်လိုအပ်နေတဲ့ ကာလမှာ အခုလိုဖြစ်သလိုတော့ ထွက်မသွားစေချင်ဘူး။ အခုအချိန်မှာ ရခိုင်အပါအဝင် မြန်မာနိုင်ငံရဲ့ စစ်ဘေးဒဏ်ခံနေရသူတွေဟာ စားစရာမရှိသောက်စရာမရှိဘဝနဲ့ တကယ်ကို ဒုက္ခဆင်းရဲ ရောက်နေကြတာပါ။ ကျနော်တို့ အင်အားလောက်နဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး"ဟု ပြောသည်။

စစ်တွေရှိ သက္ကယ်ပြင်မွတ်ဆလင်ဒုက္ခသည်စခန်းမှ အမျိုးသမီးတစ်ဦးက "စစ်ရေး အခြေအနေတွေကြောင့် သူတို့ စိုးရိမ်တာကိုသိပါတယ်။ ဒါပေမယ့် ကျမတို့ ဒုက္ခသည်တွေရဲ့ အခြေအနေကလည်း ဒီအချိန်မှာ ဘာမှ လုပ်ကိုင်စားသောက်လို့လည်းရတာမဟုတ်ပါဘူး။ အခုတောင် ထောက်ပံ့တဲ့ရိက္ခာလေးနဲ့ ဖြစ်သလိုနေထိုင်နေကြရတာပါ" ဟု ပြောသည်။

UN အပါအဝင် INGO အဖွဲ့အစည်းများ ရခိုင်မှ ထွက်ခွာမည့်ကိစ္စနှင့်ပတ်သက်၍ အတည်ပြုနိုင်ရန် တာဝန်ရှိသူများကို နိရဥ္စရာက ဆက်သွယ်နေဆဲဖြစ်ပြီး သူတို့ဆီမှ အကြောင်းပြန်ကြားလာပါက ပြန်လည် သတင်းတင်ပြပေးပါမည်။ (NN-7)

ဆက်စပ် သတင်းများ