ရက္ခိုင့်တပ်တော် ( AA)ကထိုးစစ်ဆင်တိုက်ခိုက်နေသည့် ရခိုင်ကမြို့ကြီး သုံးမြို့ဖြစ်ကြသည့် ကျောက်တော်၊ မြောက်ဦးနှင့်မင်းပြားတို့မှ စစ်ကောင်စီတပ်ရင်းများအားလုံးကို မကြာမှီ အပြီးသတ်သိမ်းပိုက်၇ယူနိုင်မည်ဟု မိမိတို့အနေဖြင့်အပြည့်အ၀ယုံကြည်ထားကြောင်း ညီနောင်မဟာမိတ်၃ ဖွဲ့၏ ယမန်နေ့က ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
၎င်းပြင် လက်ရှိ ထိုးစစ်ဆင်တိုက်ခိုက်ရာတွင်လည်းမိမိတို့ဘက်မှအခြေအနေကောင်းလျက် ရှိသည်ဟုလည်း ဆက်လက် ဖော်ပြထားသည်။
ထုတ်ပြန်ချက်ထဲတွင် “ ကျောက်တော်၊ မြောက်ဦးနှင့်မင်းပြားမြို့များမှ ကျန်ရှိနေသေးသော တပ်ရင်းများကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက်မိမိတို့မှ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း၊ အားလုံးသောစခန်းများလည်း မကြာမှီ အပြီးသတ်သိမ်းပိုက်ရယူရန် မိမိတို့အနေဖြင့် အပြည့်အ၀ယုံကြည်ထားကြောင်း၊ လက်ရှိတွင်လည်း မိမိတို့ဘက်မှအခြေအနေကောင်းလျက် ရှိကြောင်း” ဖြင့်လည်း ဖော်ပြထားသည်။
ရက္ခိုင့်တပ်တော်သည် အဆိုပါ မြို့ကြီးသုံးမြို့ကို ထိုးစစ်တိုက်ခိုက်နေရာတွင်မင်းပြားမြို့မှ ခမ၇ (၃၈၀ တပ်ရင်းနှင့် ကျောက်တော်မြို့မှ ခမ၇ (၃၇၄) တပ်ရင်းတို့ကိုအပြီးတိုင်သိမ်းပိုက်လိုက်ပြီဖြစ်သည်။ စစ်ကောင်စီသည် လေတပ်၊ ရေတပ်များကို အကြီးအကျယ်အသုံးပြုပြီးကာကွယ်နေသည့်ကြားကအဆိုပါ တပ်ရင်းများကို လက်လွှတ်ဆုံးရှုံးခဲ့၇သည်။
၎င်းပြင် ရခိုင်ပြည်မှ အဓိက စစ်တပ်ဌာနချုပ် တစ်ခုဖြစ်သည့်ကျောက်တော်မြို့ရှိ အမှတ် (၉) စစ်ဗျူဟာကွပ်ကဲမှုဌာနချုပ်အား ရက္ခိုင်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ၎င်းစကခ (၉)ကိုလည်း သိမ်းပိုက်ရန်လက်တစ်လုံးခြားသာ လိုတော့ကြောင်း ဒေသအတွင်းထွက်ပေါ်နေသော သတင်းများအရ သိ၇သည်။
မင်းပြားတိုက်ပွဲတွင် ကျန်ရှိနေသည် ခမ၇ (၃၇၉) နှင့် (၅၄၁)တို့အား ရက္ခိုင့်တပ်တော် ကွန်မန်ဒိုတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်နေပြီး (၃၇၉)တပ်ရင်းမှ ရရှိသော လက်နက်အများအပြားကို ယမန်နေ့ ဇန်နဝါရီ ၃၀ ရက်နေ့ သတင်းထုတ်ပြန်ရာတွင်ဖော်ပြခဲ့သည်။
မြေပြင်သတင်းရင်းမြစ်များအရ ခမ၇ (၃၇၉) တပ်ရင်းထဲတွင် ဂူခေါင်းဖောက်ပြီးခုခံနေသော တပ်ရင်းမှူး အပါအဝင် စစ်သားအများအပြားလည်းကျဆုံးသွားခဲ့ပြီး စစ်သား ၅၃ ဦးကိုရက္ခိုင့်တော်က စစ်ပွဲအတွင်း အရှင်ဖမ်းမိခဲ့သည်ဟု ဒေသရင်းမြစ်သတင်များအရ သိ၇သည်။
မင်းပြားမြို့တွင် ခမ၇ (၃၈၀)၊ (၃၇၉) နှင့် (၅၄၁) တပ်ရင်းသုံးရင်းရှိပြီး အဆိုပါ တပ်ရင်းများ မကျစေရန် လေကြောင်းမှ အကြီးအကျယ် ဗုံးများကြဲချတိုက်ခိုက်သလိုစစ်ရေယာဉ်များမှ လက်နက်ကြီးများဖြင့် ပစ်ကူတိုက်ခိုက်သော်လည်း ရက္ခိုင့်တပ်တော်၏ ထိုးစစ်ကိုခုခံကာကွယ်နိုင်ခြင်း မရှိသဖြင့် တပ်ရင်းလိုက် ကျရှုံးသွားခဲ့၇သည်ဟုဆိုသည်။
မင်းပြားမြို့သို့ ရေတပ်စစ်ရေယာဉ်များဖြင့် စစ်ကူလာသော စစ်သားအများအပြားမှာလည်းရက္ခိုင့်တပ်တော်၏ ချေမှုန်းမှုအောက်တွင် အများအပြားကျဆုံးသွားခဲ့ရပြီး မင်းပြားမြို့ရှေ့ရှိရာမောင်မြစ်တွင် စစ်ကောင်စီအလောင်းများ ဆယ်ယူသူမရှိ မျောပါနေကြောင်း ဒေသခံများက ပြောသည်။
ကျောက်တော်မြို့တွင် ကျောက်တော်မြို့မှ ခမ၇ (၃၇၄) တပ်ရင်းကိုအေအေက သိမ်းပိုက်လိုက်ပြီ ဖြစ်ကာ ကျန်ရှိနေသည့် စကခ(၉) မှာလည်း အခြေအနေမကောင်းကြောင်း၊နောက်ထပ် တပ်ရင်း ၂ ရင်းဖြစ်သည့် ခမ၇ (၃၇၅) နှင့် (၃၇၆) မှာလည်း အခြေအနေမလှ ဖြစ်နေသည်ဟုသတင်းများ ထွက်ပေါ်နေသည်။
မြောက်ဦးမြို့ပေါ်တွင်လည်း ခမ၇ (၅၄၀)၊ (၃ရ၇) နှင့် (၃၇၈)တို့လည်း ရက္ခိုင့်တပ်တော်၏ ဝင်ရောက်တိုက်ခိုက်ခြင်းကို ခံနေပြီး ဖုန်းလိုင်း အဆက်အသွယ်များပြတ်တောက်နေဖြင့် မြောက်ဦး အခြေအနေကိုတော့ သိရှိရခြင်း မရှိသေးပါ။
သို့သော် မြောက်ဦးကိုလည်း ကျောက်တော်၊ မင်းပြား မြိုကြီးများကဲ့သို့ ရက္ခိုင့်တပ်တော်က တိုက်ခိုက်နေပြီး နေ့စဉ်ရက်ဆက် တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်းလည်း ညီနောင် ၃ဖွဲ့၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အရပ်ဘက်သတင်းများအ၇ ဘူးသီးတောင်အခြေစိုက် အမှတ် (၁၅) စစ်ဗျူဟာကွပ်ကဲမှုဌာနချုပ်ကိုလည်း ရက္ခိုင့်တပ်တော်က အမြောက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ စတင်ပြုလုပ်နေပြီးဘူးသီးတောင်မြို့နယ် တောင်ပိုင်း စိုင်းတင်တံတားနှင့် တံတားမြောက်ဘက် စခန်းကုန်းကိုလည်းအေအေက ဝင်တိုက်၍ စစ်ကောင်စီဘက်က အကျအဆုံးများပြားနေသည်ဟု ဆိုသည်။
အလားတူ ရမ်းဗြဲမြို့တွင်လည်း စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းများဖြင့်အကြီးအကျယ်ခုခံကာကွယ်နေသည်သာမက မြို့ကိုလည်း အဆိပ်ဓာတ်ငွေ့ဗုံးများကြဲချကာ ဖြိုဖျက်နေသည်ဟုဒေသခံများက ပြောသည်။ ၎င်းပြင် ရေတပ်ရေယာဉ်များဖြင့် တပ်ကူများပို့ရာတွင်လည်း တချို့တပ်သားများထွက်ပြေးသူများရှိသလိုလက်နက်ချသူများလည်း ရှိကြောင်း သိရှိ၇သည်။
ဇန်နဝါရီလ ၂၉ ရက် နံနက်ပိုင်းကစစ်ကောင်စီ နေဗီစစ်သင်္ဘောနှစ်စီးခန့်ဖြင့် ပြိုင်းချောင်းကြီး ကျေးရွာနားတွင်စစ်သား ၁၀၀ ကျော်ကို စစ်ကူလာရောက်ပို့ဆောင်ရာတွင် ယင်းအထဲမှ ၄၀ ခန့်မှာ ပျောက်ဆုံးနေပြီး ရက္ခိုင့်တပ်တော်(AA)ထံလက်နက်ချအလင်းဝင်သွားခဲ့သည်ဟု ကြားသိရကြောင်း ဒေသခံများက နိရဉ္စရာ သတင်းကို ပြောသည်။ (ထိုသို့ ဒေသခံများက ပြောဆိုသော်လည်း ရက္ခိုင့်တပ်တော်ဘက်က တစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိသေးသဖြင့်အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။)
စစ်ကောင်စီ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDMလုပ်လာသည့် ဗိုလ်ကြီးလင်းထက်အောင်ကရခိုင်ပြည်သည် မကြာခင် ရှမ်းမြောက်လို ဖြစ်သွားနိုင်သည်ဟု များမကြာမီက နိရဉ္စရာသတင်းဌာနနှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောဆိုထားသည်။
“ရခိုင်ကမကြာခင်ရှမ်းမြောက်လို့ဖြစ်သွားမယ်လို့ ထင်ပါတယ်။ ရှမ်းမြောက်လို ဖြစ်သွားမယ်ဆိုတာ မြို့တွေတော်တော်များများကို သိမ်းဆည်းရမိမယ်။ သိမ်းနိုင်မယ်။ စစ်တပ်ရဲ့ဌာနချုပ်တွေ ကိုပါ သိမ်းနိုင်မယ့် အနေအထား စစ်ရေးအခြေအနေကိုကျွန်တော့်အနေနဲ့ ခန့်မှန်းမိတယ်။ အခုအချိန် ရခိုင်စစ်မျက်နှာပြင်မှာစစ်တပ်က ရေတပ်၊ လေတပ်၊ ကြည်းတပ်ပေါ့။ တပ်ပေါင်းစုံသုံးထားပေမယ့်လည်း တကယ်တမ်း ကျတော့သူတို့စစ်ရေး အခြေအနေက ရက္ခိုင်တပ်တော်ကိုမယှဉ်နိုင်တဲ့ အနေအထားတစ်ခုကို ကောင်းကောင်း သွားတွေ့ရတယ်။ တကယ်တန်းကျတော့စစ်တပ်ရဲ့ စစ်ရေးအခြေအနေသည်ရခိုင်မှာ ထင်သလောက်ကို အားမကောင်းတော့ဘူး ဆိုတာ ကောင်းကောင်းကိုမြင်တွေ့ရပါတယ်။ ရခိုင်ပြည်နယ်တစ်ခုလုံး သိမ်းပိုက်ရေးကတော့ မဟာမိတ်ညီ နောင်အဖွဲ့တွေရဲ့ စစ်ရေး ရည်မှန်းချက်ထားရှိမှုအပေါ်မူတည်မယ်လို့ ကျွန်တော်က ထင်ပါတယ်” ဟုသူက ဆိုသည်။