တနင်္ဂနွေ၊ ဇူလိုင်လ ၂၁ရက်၊ ၂၀၂၄

ရမ်းဗြဲတွင် စစ်ကူလာသည့်စစ်ကြောင်းမှ အလောင်းများနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၁ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 8.7k

(ပုဏ္ဏားကျွန်းတိုက်ပွဲတွင် အထိနာ၍ ဆားကုန်ပုတ်ရွာကို စစ်ကောင်စီ မီးရှို့)

ရမ်းဗြဲမြို့တွင် ဖြစ်ပွားနေသော တိုက်ပွဲသို့ စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းကို ရက္ခိုင့်တပ်တော်က ကြားဖြတ်တိုက်ခိုက်ရာမှ အလောင်းများနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း ညီနောင်သုံးဖွဲ့က ဇန်နဝါရီ ၃၁ ရက် မနေ့က သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်ထဲတွင် ယမန်နေ့တိုက်ပွဲအတွင်း မိမိတို့ သည် စစ်ကူလာသောစစ်ကောင်စီတပ်ဖွဲ့များကို အထိနာအောင်တိုက်ခိုက်နိုင်ခဲ့သောကြောင့် ရန်သူ့အလောင်းနှင့် လက်နက်ခဲယမ်းအချို့ကို မိမိတို့မှသိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။

၎င်းပြင် စစ်အင်အား၊ လက်နက်ခဲယမ်းထပ်မံဖြည့်တင်းထားသော စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ သည် ရမ်းဗြဲမြို့နှင့် ရမ်းဗြဲမြို့ပတ်ဝန်းကျင်များ၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ရမ်းဗြဲတိုက်ပွဲတွင် အထိနာပြီး ဖရိုဖရဲဖြစ်နေပြီး စစ်ကူလာသော စစ်ကြောင်းအားလည်း  ရက္ခိုင့်တပ်တော်က လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။

ထိုသို့ ရမ်းဗြဲမြို့ပတ်ဝန်းကျင်တိုက်ပွဲများတွင် ထပ်မံအထိနာသောကြောင့် စစ်ကောင်စီသည် ရမ်းဗြဲမြို့ကို ပြိုပျက်စေရန် ရည်ရွယ်ချက်ဖြင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊  လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်ခြင်းများကိုသာ အဓိကဦး တည်ပြုလုပ်လျက်ရှိသည်ဟုဆိုသည်။  

ရမ်းဗြဲ၊ တန်းချောင်းဝနှင့် တိန်ချောင်းရေလက်ကြား၌ ရပ်နားထားသည့် စစ်ကောင်စီ နေဗီသင်္ဘောမှ ဇန်နဝါရီ ၃၁ ရက် နံနက် (၁၀) နာရီဝန်းကျင် မှစ၍  နေ့လယ် (၁၂) နာရီ (၁၂) မိနစ်အချိန်ခန့်ထိ ရမ်းဗြဲမြို့အား လက်နက်ကြီးများဖြင့် (၇) ကြိမ်နှင့် လက်နက်ငယ်များဖြင့် (၁) ကြိမ်ထက်မနည်း ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။  

ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဇေယျရွာနှင့် အောင်မြေကုန်းရွာကြားတွင်လည်း ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက် စစ်ကောင်စီတို့သည် ယမန်နေ့  ဇန်နဝါရီလ (၃၁) ရက်  နံနက်(၉) နာရီ(၃၀) မိနစ်ခန့်အချိန်တွင် တစ်နာရီခန့် အကြာ နှစ်ဖက်အပြန်အလှန်ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တစ်နာရီအခန့်အကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရန်သူသည် လေကြောင်း၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားကိုသုံးပြီး နောက်ဆုတ်သွားသောကြောင့် တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားခဲ့ခြင်းမရှိဘဲ ရပ်တန့်နေခဲ့သည်။ မိမိတို့ဖက်မှ အလတ်စားဒဏ်ရာရရှိသူတစ်ဦးရှိခဲ့ပြီး ရန်သူ့ဖက်မှ အထိအခိုက်၊ အကျအဆုံးကို မသိရသေးဟု ဆိုသည်။

၎င်းတိုက်ပွဲတွင်လည်း အထိနာသောကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ဆားကုန်ဘုတ် ကျေးရွာအား နံနက် (၈) နာရီအချိန်ခန့်တွင် မင်းဂံချောင်းထဲရှိ အကြမ်းဖက်စစ်ကောင်စီ၏ နေဗီသင်္ဘောမှ တပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး တမင်တကာ ရည်ရွယ်ချက်ရှိရှိ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြသည်။

တစ်ပြိုင်နက်တည်းတွင် ယမန် နေ့လယ် (၁၂) နာရီအချိန်ခန့်ထိ စစ်ကောင်စီ၏ စစ်တွေအခြေစိုက် အမှတ် (၁၂) ရဲတပ်ရင်းနှင့် နေဗီတို့မှလည်း အဆိုပါကျေးရွာနှင့် အနီးအနားသို့ လက်နက်ကြီး အလုံးရေပေါင်း (၁၀၀) ကျော်ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း  ထုတ်ပြန်ချက်တွက် ဆက်လက် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ