သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့အနီးအထိ တိုက်ပွဲဖြစ်ပွားလာသဖြင့် မြို့ပေါ်နေပြည်သူများ ထွက်ပြေးတိမ်းရှောင်မှုများပြားလာ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၂ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ အနီးဝန်းကျင်တွင် တိုက်ပွဲများဖြစ်လာသဖြင့်  မြို့ပေါ်နေပြည်သူများလည်း တိုက်ပွဲဖြစ်မည်ကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု သတင်းရရှိသည်။

ဘူးသီးတောင်မြို့ခံတစ်ဦးက “ မြို့မှာကလူတွေ အကုန်ပြေးကုန်ကြပြီ။ တိုက်ပွဲကတော့ မြို့နား တစ်ဝိုက်မှာ ဖြစ်နေတာရှိတယ်။ မြို့ထဲမှာ ၁ လပိုင်း ၆ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ခဲ့လို့ လူတွေ ဒဏ်ရာရတာ ရှိခဲ့တယ်။ အခုရက်ပိုင်း လက်နက်ကြီးကျည်တွေနဲ့ ဘူးသီးတောင် တပ်မဘက်က လက်နက်ကြီး နေ့တိုင်း ပစ်နေတာကြောင့် ကျနော်တို့လည်း မနေရဲတော့ဘူး။ မြို့ထဲမှာ ဒီတစ်ရက်နှစ်ရက်က စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲခံရတာရှိခဲ့တယ်။ သူတို့ သေနတ်တွေနဲ့မြို့ကိုပစ်ခဲ့တာရှိတယ်” ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

တိုက်ပွဲများမှာ ဘူးသီးတောင်မြို့အနီးအနားတွင် ဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်သံများ၊ လေယာဉ်ပျံ ဝဲသံများ၊ ဗုံးကြဲချသံများကို ကြားရ၍   မြို့ပေါ်တွင်လည်း တိုက်ပွဲဖြစ်လာမည် စိုးရိမ်နေရသည့်အတွက် မြို့၏သုံးပုံနှစ်ပုံခန့် ပြည်သူများမှာ မှာ ထွက်ပြေးနေကြပြီဟု ၎င်းက ဆက်လက် ပြောသည်။

လက်ရှိတွင် ဘူးသီးတောင်မြို့ စိုင်းတင်တံတားအနီးတွင်ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဆက်လက် ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရှိနေသည်။

ဘူးသီးတောင်မြို့တွင် စစ်ကောင်စီ အမှတ် ( ၁၅) စစ်ဗျူဟာကွပ်ကဲမှုဌာနချုပ် (ဒေသအခေါ် တပ်မ)၊  ခလရ (၂၆၃)၊ ခမရ (၅၆၅)၊ ခမရ (၅၆၄)နှင့် အမြောက်တပ်ရင်း (၃၇၈) တို့ အခြေစိုက်ထားပြီး ၎င်းတပ်မနှင့် တပ်ရင်းအချို့မှ လက်နက်ကြီးကျည်များဖြင့် တိုက်ပွဲဖြစ်ပွားရာသို့ ပစ်ကူပေးသည့်အပြင် ဂျက်ဖိုက်တာများဖြင့်လည်း ဗုံးကြဲ တိုက်ခိုက်မှုများလည်း ရှိနေသည်။

“ စစ်ကောင်စီဖက်က တခြားမြို့တွေကို ဗုံးကြဲတိုက်ခိုက်သလို ကျနော်တို့ ဘူးသီးတောင်ကိုလည်း တိုက်ခိုက်လာမှာ စိုးရိမ်တယ်။ အဲ့ဒီစစ်ကောင်စီက လူနေကျေးရွာတွေကို အဓိကထား တိုက်ခိုက်တဲ့အတွက် ရခိုင်ကမြို့တစ်ချို့လည်း အများကြီးပျက်စီးသွားပြီ။ ဒီနေ့လည်း လက်နက်ကြီးကျည်တွေနဲ့ပစ်တယ်” ဟုပြောသည်။

တိုက်ပွဲများကို အကြောင်းပြု၍ စစ်ကောင်စီက လူနေကျေးရွာများပါ မကျန် အမြောက်များဖြင့် လှမ်ထုသဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် စိုင်းတင်တံတားအနီးအနားရှိ ကျေးရွာများဖြစ်ကြသည့် ဖုံညိုလိပ်ကျေးရွာ၊သရက်ပြင်၊ ကြာညိုပြင်ရွာတို့မှ ကျေးရွာသားအများအပြားလည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောဆိုသည်။

ဘူးသီးတောင်တွင် ရခိုင်နှင့်မွတ်ဆလင် လူဦးရေသိန်းနှင့်ချီနေထိုင်ကြပြီး လက်ရှိတွင် မြို့ပေါ်လူဦးရေ သုံးပုံး နှစ်ပုံခန့်မှာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသခံများကပြောသည်။(NN-11)

ဆက်စပ် သတင်းများ