- Web Master
- ၁၀ စက်တင်ဘာ ၂၀၂၄
“ရမ်းဗြဲတွင်လည်း စစ်ကောင်စီ၏ တပ်စခန်းများ ဗျူဟာမြောက်ဝန်းရံပိတ်ဆို့ခံထားရ”
ပလက်၀ဒေသတစ်ခုလုံးကို ရက္ခိုင့်တပ်တော်( AA)က သိမ်းပိုက်လိုက်ပြီးနောက် ရခိုင်ပြည်ထဲမှ အရေးကြီးသည် စစ်စခန်းများတည်ရှိရာ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့တို့မှ တပ်မ၊ တပ်ရင်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေရာ လက်ရှိတွင် ၎င်းစစ်စခန်းများမှာ တစ်ဝက်တစ်ပျက်သိမ်းပိုက်ရန်သာကျန်ရှိတော့သည်ဟု ညီနောင်မဟာမိတ် ၃ဖွဲ့၏ ယမန်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့ တွင်လည်း စစ်ကောင်စီ၏ တပ်စခန်းများသည် ဗျူဟာမြောက်စွာ ဝန်းရံပိတ်ဆို့ခံထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များတွင် စစ်ရှိန်မြင့်တက်နေပြီး ၎င်းမြို့ ၃ မြို့တွင် အကြမ်းဖက် စစ်ကောင်စီ၏ “စကခ (၉)” လက်အောက်ခံတပ်ရင်း (၁၀) ရင်းရှိနေကြောင်း၊ ယင်း တပ်ရင်းများအထဲမှ တချို့ကို သိမ်းပိုက်ပြီး တချို့မှာ တစ်ဝက်တစ်ပျက်သိမ်းပိုက်ရန် အဆင့်သာကျန်ရှိတော့ကြောင်း၊ ယင်းကျန်ရှိနေသည့် ခမရတပ်ရင်းအချို့အား ရက္ခိုင့်တပ်တော်မှ အပြီးသတ်ရယူ နိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြထားသည်။
ရက္ခိုင့်တပ်တော်သည် လက်ရှိအချိန်တွင် အခိုင်အမာ တည်ဆောက်ထားသည့် စစ်ကောင်စီ တပ်ရင်း (၅) ရင်းအထိ သိမ်းပိုက်ထားပြီး ၎င်းသိမ်းပိုက်ထားသော တပ်ရင်းများမှာ ကျောက်တော်မြို့နယ် ကန်စောက်ရှိ ခမရ (၅၃၉)၊ အမြောက်တပ်ရင်း အမတ(၃၇၇) နှင့် ခမရ (၃၇၄) တပ်ရင်း၊ မြောက်ဦးမြို့မှာ ခမရ (၅၄၀) တပ်ရင်းနှင့် မင်းပြားမြို့မှ ခမရ (၃၈၀) တပ်ရင်းတို့ဖြစ်ကြသည်။
ဒေသအတွင်း ဖြစ်ပေါ်နေသော သတင်းများအရ ကျောက်တော်အခြေစိုက် စကခ(၉) အပါအဝင် ခမရ (၃၇၅)၊ ခမရ (၃၇၆)တို့ကိုလည်း ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ပြီဟု သတင်းများ ထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။
အလားတူ မြောက်ဦးမြို့တွင် ကျန်ရှိနေသည့် ခမရ (၃၇၇) နှင့် ခမရ (၃၇၈) နှင့် မင်းပြားမြို့ အခြေစိုက် ခမရ ( ၃၇၉) နှင့် ခမရ (၅၄၁) တို့မှာလည်း တစ်ဝက်တစ်ပျက်ဖြင့် အင်အားအနည်းအကျဉ်းသာကျန်ရှိတော့သည်ဟု ဒေသခံများက ပြောကြားသည်။
ရမ်းဗြဲမြို့တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်၏ ထိုးစစ်အောက်တွင် ရမ်းဗြဲမြို့နှင့် အနီးတစ်ဝိုက်၌ နေရာယူတပ်စွဲထားသည့် စစ်ကောင်စီ၏ တပ်စခန်းများသည် ဗျူဟာမြောက်စွာ ဝန်းရံပိတ်ဆို့ခံထားပြီးဖြစ်သည်ဟု ဖော်ပြသည်။
ရမ်းဗြဲကျွန်းပေါ်၌ ဖြစ်ပွားလျက်ရှိသောတိုက်ပွဲမှာ
နေရာအနှံ့တွင် ခပ်စိပ်စိပ်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီဖက်မှလည်း
ရမ်းဗြဲမြို့ပေါ်သို့ လေကြောင်း၊ ရေကြောင်းအပြင်
လက်နက်ကြီးများဖြင့် စုပြုံပစ်ပြီး ရမ်းဗြဲမြို့အား ရည်ရွယ်ချက်ရှိရှိ
ဖျက်ဆီးတိုက်ခိုက်လျက်ရှိသည်ဟု သိရှိရသည်။
ဖေဖော်ဝါရီ ၂ ရက်နေ့တွင်လည်း
စစ်ကောင်စီသည်
ရမ်းဗြဲမြို့အား တမင်ပြိုပျက်စေရန်
ရည်ရွယ်ချက်ရှိရှိဖြင့် နေ့လယ်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် (၂)
ကြိမ်၊ Mi-35 ရဟတ်ယာဉ်ဖြင့်
(၄) ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် တစ်ပြိုင်နက်တည်း၌ပင် တန်းချောင်းဝရှိ
ရန်သူ့နေဗီသင်္ဘော မှလည်း မြို့နှင့် အနီးအနားနေရာများသို့ လက်နက်ကြီးများဖြင့်
(၁၀) ကြိမ်ထက်မနည်း အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု
ညီနောင် ၃ ဖွဲ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဤသည်မှာစစ်ရေးအထိနာနေသည့် စစ်ကောင်စီအတွက် မြို့၊ ရပ်ရွာများအား ပြိုပျက်စေရန် တမင်ပစ်ခတ် တိုက်ခိုက်ခြင်းများသည် အငြိုးအတေးကြီးစွာဖြင့် ပြုလုပ်နေကျဖြစ်သော လုပ်ရပ်တစ်ခုသာ ဖြစ်သည်ဟု ပြောဆိုထားသည်။
၁၀၂၇ စစ်ဆင်ရေးစတင်ပြီးသည့်နောက်
မရှေးမနှောင်းတွင် ပလက်ဝနှင့် ရက္ခိုင်ဒေသ၏ စစ်ဆင်ရေးများကို
စတင်ခဲ့ပြီး မိမိတို့ ရက္ခိုင့်တပ်တော်အနေဖြင့် မိမိတို့ရည်မှန်းထားသော စစ်ရေးရည်မှန်းချက်များကို
တစ်ဆင့်ချင်း အကောင်အထည် ဖော်လျက်ရှိနေသည်ဟု ဆိုသည်။