Preview

ကျောက်ဖြူတွင် ပုဂ္ဂလိကဆေးခန်းနှင့်ဆေးဆိုင်များကို ဆေးသုံးရက်စာထက် ပိုမရောင်းရန် စစ်ကောင်စီ အတင်းလက်မှတ်ထိုးခိုင်း

ဖေဖော်ဝါရီ ၀၄/ ၂၀၂၄ | ကြည့်ရှုသူ :2820
ရခိုင် သတင်း

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ပုဂ္ဂလိက ဆေးရုံဆေးခန်းများ၊ ဆေးဆိုင်များအနေဖြင့် မည်မျှ အရေးကြီးသည့် လူနာပင်ဖြစ်စေ ဆေးသုံးရက်စာထက် ပိုမရောင်းရန် စစ်ကောင်စီကအတင်း လက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်းသတင်းရရှိသည်။

ယမန်နေ့ဖေဖော်ဝါရီလ ၃ ရက်က ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံအုပ်အပါအဝင်ပုဂ္ဂလိကဆေးရုံဆေးခန်းများမှ ဆရာဝန်များကိုအစည်းအဝေးခေါ်ယူကာ စစ်ကောင်စီက လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်းကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကျန်းမာရေးအသိုင်းအဝိုင်းမှ စုံစမ်းသိရှိ၇သည်။

ကျောက်ဖြူမြို့ရှိဆေးရုံဆေးခန်းများသို့ ရောက်လာသည့် မည်မျှအရေးပေါ်အခြေအနေလူနာဖြစ်စေ(ဆီးချိုနှင့်တီဗီရောဂါသည်များမှအပ)  ဆေးသုံးရက်စာထက် ပိုမရောင်းရန်၊ဆေးတမျိုးကို တစ်ကတ်ထက်ပိုမရောင်းရန် လက်မှတ် ထိုးခိုင်းခဲ့ကြောင်း သိ၇သည်။

" မနေ့က ဆေးရုံအုပ်ကြီးရယ်။ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေက ဆရာဝန်တွေကိုခေါ်ပြီးတော့ လက်မှတ် ထိုးခိုင်းပါတယ်။ ဆေးကုသခွင့်ကန့်သတ်လိုက်တာပေါ့။ ဘယ်လူနာပဲဖြစ်ဖြစ် ဆေးသုံးရက်စာထက် ပိုမရောင်းရဘူး။ ဆေးတစ်မျိုးကိုတစ်ကတ်ထက်ပိုမရောင်းရဘူးဆိုတာတွေပါ"ဟု ကျန်းမာရေးအသိုင်းအဝိုင်းမှ သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

စစ်တပ်ဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူနှစ်ဦး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ကျောက်ဖြူမြို့မ ရဲတပ်ဖွဲ့ဝင်များက ဆေးရုံတွင်အစည်းအဝေးခေါ်ယူက လက်မှတ်ထိုးခိုင်းခဲ့ခြင်းဖြစ်ကြောင်းသိရှိ၇သည်။

“အခုလို ကန့်သတ်တာက ဘာကြောင့်လည်းဆိုတာသူတို့ရှင်းမပြဘူး။ ဒါပေမယ့် ရက္ခိုင့်တပ်တော်ဆီကို ဆေးတွေ မရောက်၇အောင် သူတို့ တားမြစ်တယ်လို့တော့မြင်ပါတယ်”ဟု၎င်းက ပြောဆိုသည်။

အလားတူ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးတွင်လည်း ဆီးချိုနှင့်တီဗီရောဂါသည်များကိုသာ ဆေးတစ်လစာထုတ်ရောင်းခွင့်ပေးပြီး တခြားမည်သည့်လူနာမဆို ဆေးသုံးရက်စာထက်ပိုမရောင်းရဟုညွှန်ကြားအမိန့်ထုတ်ထားသည်ဟု ကျန်းမာရေးအသိုင်းအဝိုင်းမှ သိ၇သည်။

" ဆေးရုံကြီးမှာလည်းတီဗီနဲ့ဆီးချိုရောဂါသည်တွေကိုလောက် ဆေးတစ်လစာ ထုတ်ရောင်းခွင့် ရတယ်။ ကျန်တဲ့လူနာတွေဆေးသုံးရက်စာထက်ပိုမရောင်းရဘူး" ဟု ကျန်းမာရေး အသိုင်းအဝိုင်းမှ သတင်းရင်းမြစ်ကပြောသည်။

ကျောက်ဖြူမြို့ပေါ်တွင်သာ လူနာများကို ဆေးသုံးရက်စာ ရောင်းချခွင့်ရပြီးမြို့ပေါ်မှဆေးများကို နယ်ကျေးရွာများသို့ သယ်ယူခွင့်ကိုလည်း ပိတ်ပင်ထားပြီး စစ်ဆေးရေးဂိတ်များကစောင့်ကြပ် ဖမ်းဆီးသဖြင့် ကျန်းမာရေးအတွက် အထူးအခက်အခဲဖြစ်နေကြသည်ဟု  ဒေသခံကျေးရွာသားများက ပြောသည်။

ဂုံးချွိန်အုပ်စုက အမျိုးသမီးတစ်ဦးက" ဆေးသုံးရက်စာရောင်းလို့ဝယ်ရတယ်ဆိုတာကျောက်ဖြူမြို့ပေါ် တစ်ခုတည်းပါ။ နယ်ဘက်တွေကို ဘာဆေးဝါးမှယူလို့မရဘူး။ ယူရင်ယူလာတဲ့သူကိုဖမ်းတယ်။နယ်က မကျန်းရေးမမာရေးဖြစ်နေတဲ့လူနာတွေလည်း မြို့မှာဆေးကုသဖို့သွားလို့မ၇အောင် တားဆီးထားတယ်" ဟု ပြောသည်။

ရခိုင်တိုက်ပွဲစတင်သည့်နေ့မှစ၍ ယနေ့အချိန်ထိ စစ်ကောင်စီက ကျောက်ဖြူမြို့ကိုစစ်ဆေးရေး ဂိတ်များမှ သွားလာခွင့်ကို  ပိတ်ဆို့ထားပြီးနယ်ကျေးရွာများဘက်မှ ဆေးရုံ တက်ရောက် ကုသခွင့်မ၇ဘဲသေဆုံးသွားသည့် ဒေသခံ အနည်းဆုံး(၁၀)ဦးခန့်ထိရှိနေပြီဟု ဒေသခံများ၏ ပြောပြချက်အရသိ၇သည်။

ယနေ့ဖေဖော်ဝါရီလ ၄ ရက်၊ မနက်ပိုင်းတွင်လည်း ဂုံးချွိန်အုပ်စု၊ ရွာသာယာကအမျိုးသမီးငယ် တစ်ဦးမှာ မတော်တဆထိခိုက်ဒဏ်ရာရရှိ၍ မြို့ပေါ်ဆေးကုသနိုင်ရန်သွားရောက်ခဲ့ရာစစ်ကောင်စီ၏ ကျောက်တလုံးစစ်ဆေးရေးဂိတ်က ပြန်လှည့်လာခဲ့ရကြောင်း သိရှိ၇သည်။

ရိုးရိုးဖျားနာသော သူများ ဆေးရုံသို့ တက်ရောက်ဆေးကုသလျှင်လည်း တောခို၍ဖျားသလား စသည့်ဖြင့် မေးမြန်းစစ်ဆေးမှုများရှိပြီး သေချာစိစစ်ပြီးမှ ဆေးကုသခွင့် ပေးသည်ဟုလည်း သိ၇သည်။(NN-23)

#ကျောက်ဖြူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.