ရခိုင်ပြည်၊ ကျောက်ဖြူမြို့မှ စံပြဆေးဆိုင်ကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး ဆိုင်ရှင်အမျိုးသမီးညီအစ်မနှစ်ဦး၊ ထမင်းချက်အမျိုးသမီးတစ်ဦး၊နောက်ထပ် ကျောက်ဖြူမြို့ခံအမျိုးသားတစ်ဦးကိုပါ ဖမ်းဆီးသွားပြီးဆေးဆိုင်မှ ဆေးများကိုလည်း သိမ်းယူသွားကြောင်း သတင်းရရှိသည်။
ယမန်နေ့ဖေဖော်ဝါရီ ၃ ရက်၊ ညနေပိုင်းကကျောက်ဖြူက ဆေးဆိုင်တချို့ကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ပြီး မြစ်နားတန်းရပ်ကွက်၊ စံပြဆေးဆိုင်ပိုင်ရှင် ဒေါ်ညိုညို အသက် (၆၀)ကျော်နှင့် သူမ၏ညီမ၊ အိမ်တွင်ထမင်းချက်သည့်အမျိုးသမီးနှင့် စေတီတောင်ရပ်ကွက်၊ ခေမာလမ်းမှ ကိုဝင်းကျော်တို့ကိုဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့ခံတစ်ဦးကပြောသည်။
" စံပြဆေးဆိုင်ကပိုင်ရှင်ဒေါ်ညိုညိုနဲ့ သူရဲ့ညီမရယ်။ အိမ်မှာထမင်းချက်တဲ့အမျိုးသမီးကိုပါ စစ်ကောင်စီကဖမ်းသွားတယ်။ မနေ့ကကျောက်ဖြူမြို့ကဆေးဆိုင်တချို့ကို စစ်ကောင်စီကဝင်ပြီးရှာဖွေဖမ်းဆီးတာတွေလုပ်ခဲ့တယ်။ တချို့ဆိုင်တွေဆိုရင် ကြိုပြီးရှောင်နေကြလို့မဖမ်းနိုင်ခဲ့ဘူး" ဟု ၎င်းက နိရဉ္စရာသို့ပြောသည်။
စံပြဆေးဆိုင်ကိုဝင်ရောက်စီးနင်းရာတွင် လူများကိုဖမ်းဆီးသွားသည့်အပြင် ဆိုင်တွင်ရှိသည့်ဆေးဝါးများကိုလည်း စစ်ကားတစ်စီးဖြင့်တင်ကာ သိမ်းဆည်းယူသွားကြောင်း မျက်မြင်မြို့ခံများကပြောသည်။
" လူတွေကိုဖမ်းတဲ့အပြင်ဆေးတွေကိုလည်းကားနဲ့တင်ယူသွားကြတယ်။အတော်အများပါသွားတယ်" ဟု မြို့ခံတစ်ဦးကပြောသည်။
ယမန်နေ့ညနေပိုင်းက အလယ်ပိုင်းရပ်ကွက်မှ "ခိုင်"ဆေးဆိုင်ကိုလည်း စစ်ကောင်စီနှင့်ရဲပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေခဲ့သေးရာ ဆိုင်ရှင်များမှာ ကြိုတင်ရှောင်တိမ်းနေခဲ့၍ လွတ်မြောက်သွားခဲ့ကြောင်း မြို့ခံများကပြောသည်။
စေတီတောင်ရပ်ကွက်၊ ခေမာလမ်းမှ ကိုဝင်းကျော်ကိုလည်း ယမန်နေ့ညနေပိုင်းမှာပင် နေအိမ်မှလာရောက်ဖမ်းဆီးသွားပြီး သူ့အား မည်သည့်အတွက်ကြောင့် ဖမ်းဆီးသလဲဆိုသည်ကို မသိရှိ၇ကြောင်း မြို့ခံများကပြောသည်။
စစ်ကောင်စီသည် ကျောက်ဖြူအပါအဝင် ရခိုင်မြို့နယ်များကို ဆေးဝါးသယ်ယူရောင်းချခွင့်များကို အထူးပိတ်ပင်တားဆီးနေပြီး ထိုသို့တားဆီးခြင်းမှာ ရက္ခိုင့်တပ်တော်(AA)ထံ ဆေးဝါးများမရောက်ရှိနိုင်ရန် ပိတ်ဆို့ဖြတ်တောက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ထင်မြင်သုံးသပ်ကြသည်။
ယမန်နေ့ဖေဖော်ဝါရီလ ၃ ရက်က ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ပုဂ္ဂလိကဆေးရုံဆေးခန်းများမှ ဆရာဝန်များ၊ ဆေးဆိုင်ပိုင်ရှင်များကို စစ်ကောင်စီက အစည်းအဝေးခေါ်ယူကာ မည်သည့်လူနာမဆိုဆေးသုံးရက်စာထက်ပိုမရောင်းဖို့ အတင်းလက်မှတ်ရေးထိုးခဲ့ကြောင်း ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကျန်းမာရေးအသိုင်းအဝိုင်းမှ စုံစမ်းသိရှိ၇သည်။(NN-23)