တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

တောင်ပြို(ယာ)စခန်းရက္ခိုင့်တပ်တော်သိမ်းပိုက်၊ စစ်ကောင်စီအလောင်းနှင့် လက်နက်ခဲယမ်းအမြောက်အမြားသိမ်းဆည်းရမိ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၅ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

ရက္ခိုင့်တပ်တော် (AA) သည် မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကပ်ရပ် တည်ရှိသည့် တောင်ပြို(လက်ယာ) စခန်းကို ဖေဖော်ဝါရီ ၄ ရက် ညနေ ၆ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်သည်။

တောင်ပြို (လက်ယာ) စခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူ့အလောင်းအမြောက်အမြားနှင့် လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ရက္ခိုင့်တပ်တော် ဖက်မှလည်း ရဲရင့်ပြောင်မြောက်သော အာရက္ခစစ်သည်အချို့သည် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်ဟု ဖေဖော်ဝါရီ ၄ ရက်နေ့ ညီနောင် ၃ ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြသည်။

ရက္ခိုင့်တပ်တော်သည် မောင်တောမြို့နယ် မြောက်ပိုင်းမှ အရေးကြီးဆုံး လက်ကျန်စခန်းများဖြစ်ကြသည် တောင်ပြိုမြို့ (လက်ဝဲ) နှင့် (လက်ယာ)စခန်းကြီးနှစ်ခုကို ဖေဖော်ဝါရီ ၄ ရက် နံနက်က တစ်ပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲသည် ပြင်းထန်ခဲ့ပြီး သေနတ်သံများ၊ လက်နက်ကြီးပေါက်ကွဲသံများကို နယ်စပ်တစ်လျှောက် ကြားခဲ့ရသည်ဟု ဘင်္ဂလာမီဒီယာများတွင် ရုပ်သံဖိုင်များနှင့် သတင်းဖော်ပြကြသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲနှင့် စစ်သား  စုစုပေါင်း (၆၀) နီးပါးသည် နယ်စပ်မှတစ်ဆင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ လက်နက်များဖြင့် ထွက်ပြေး လွတ်မြောက် သွားခဲ့ကြပြီး လက်နက်များကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံ အပ်နှံခဲ့ကြရသည်ဟု သိရသည်။

ကျန်ရှိနေသည့် တောင်ပြို (လက်ဝဲ) စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ချအညံ့ခံပါက အသက်ချမ်းသာရာရမည် ဖြစ်ကြောင်းကိုလည်း ရက္ခိုင့်တပ်တော်က အသိပေးထားကြောင်း သိရသည်။

ရက္ခိုင်ပြည် မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များတွင် စစ်ကောင်စီမှ လက်လွှတ်ဆုံးရှုံးရန် ရာနှုန်းပြည့် သေချာနေသော စခန်းအချို့အား အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း၌လည်း မြစ်ကြောင်းမှ တက်လာသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုနှင့် ရက္ခိုင့်တပ်တော်တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီ၏ စစ်တွေမြို့၊ ရွှေမင်းဂံဆိပ်ကမ်းရှိ နေဗီသင်္ဘောမှ တိုက်ပွဲဖြစ်ရာနေရာသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ၏ စစ်တွေအခြေစိုက် “ခမရ (၃၅၄) တပ်ရင်း” မှလည်း လက်နက်ကြီးများဖြင့် ညအချိန်မတော် ရမ်းကားပစ်ခတ်လျက်ရှိသည်။

ရမ်းဗြဲမြို့  သိမ်တောင်ဘုရားကုန်း၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှ ရမ်းဗြဲမြို့နှင့် အနီး အနားနေရာများသို့ လက်နက်ကြီးများဖြင့် နံနက် (၆) နာရီ (၄၀) မိနစ်အချိန်တွင် (၂) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်မှု များ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ရက္ခိုင်ဒေသတွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သကဲ့သို့ စစ်အာဏာရှင်စနစ်အား တော်လှန်နေကြသော အခြားနေရာများ၌လည်း စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များကြား တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။

(ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည့်၁၀၂၇ စစ်ဆင်ရေး (၁၀၁) ရက်မြောက်နေ့တိုက်ပွဲသတင်းများမှ ထုတ်နှုတ်ဖော်ပြသည်။)


ဆက်စပ် သတင်းများ